အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
ဒီ Video ရဲ့ နောက်ခံမှာ မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ်၊ တိုက်လေယာဉ်တွေရဲ့ ဓါတ်ပုံရယ် တစ်ခြား ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “AA က လေယာဉ်တွေနဲ့ ဗုံးကြဲချလို့ ဒီနေ့ပဲ ရခိုင်တစ်ခုလုံး AA ကို အပိုင်ပေးမယ်လို့ မအလ ချက်ခြင်း ကြေညာလိုက်ရပြီဟေ့” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၃၄၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ရခိုင်ပြည်ကို AA ထံ ပေးလိုက်မယ်လို့ စစ်ကောင်စီ ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
AA ဟာ ရခိုင်ပြည်က မြို့အများစုကို ထိန်းချုပ်ထားနိုင်ပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မြန်အောင်မြို့ တို့ကို ဆက်လက် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း အပြင်းအထန် ခုခံနေပါတယ်။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။