အဆိုပါ သတင်းအတုကို PDF News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဧပြီလ ၂၇ ရက်နေ့ ညပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ ရဲ နဲ့ စစ်သားတွေ တွေ သေနတ်ကိုင်ပြီး ရပ်နေကြတဲ့ ဓါတ်ပုံတွေကို ပူးတွဲဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “တစ်နိုင်ငံလုံးက ရဲ နဲ့ စစ်သားတွေ အချင်းချင်း ပစ်ကုန်ပြီ၊ ရဲက ပြည်သူဘက်ကတဲ့ဗျို့” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ “ရဲတပ် နဲ့ စစ်တပ် ချကုန်ပြီ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မင်းအောင်လှိုင်ကို ပုန်ကန်လိုက်ပြီ” လို့ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှုသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့က အာဏာသိမ်းစစ်ခေါင်းဆောင်ကို ပုန်ကန်ပြီး တစ်နိုင်ငံလုံး ရဲနဲ့ စစ်သားအချင်းချင်း ပစ်ကုန်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ရဲတပ်ဖွဲဟာ စစ်ကောင်စီကို ပုန်ကန်ခြင်း မရှိသလို စစ်တပ်နဲ့ အချင်းချင်း ပစ်ခတ်ခြင်းလည်းမရှိပါဘူး။ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာ ပြည်သူတွေကို ဖမ်းဆီးခြင်း နှိပ်စက် သတ်ဖြတ်ခြင်းတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန အဖွဲ့အစည်းကမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက ၎င်းတို့ သတင်းကို ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video နထိုးကြီးမြို့နယ် ရဲစခန်းက ရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။