အဆိုပါ သတင်းအမှားကို V – Share ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ခွဲခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံအပေါ်မှာ “နောက်ဆုံးအဆင့် အမိန့်ချပြီ၊ ရုရှားကလည်း လောင်စာဆီ မပေးဖို့ သဘောတူ၊ အမေရိကန်ရဲ့ NDAA နဲ့ ကုလရဲ့ R2P လူထုကို စစ်ရေး သတိပေးပြီ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာတော့ “နောက်ဆုံးအဆင့် သတိပေးချက်၊ မင်းအောင်လှိုင်တို့လည်း နောက်ဆုံးအဆင့်သတ်မှတ်လိုက်ပြီ” လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဝင်ရောက်ကြည့်ရှု့ထားသူ ၂၄၀၀ ကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ကူးယူဖော်ပြထားကြပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီကို ရုရှားက လောင်စီဆီဖြတ်တောက်လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ရုရှားနိုင်ငံဟာ စစ်ကောင်စီကို လောင်စာဆီတွေ လက်နက်တွေ ဆက်လက်ရောင်းချနေဆဲသာဖြစ်ပြီး လောင်စာဆီဖြတ်တောက်ထားခြင်း မရှိပါဘူး။ ဒါ့အပြင် ၎င်းတို့ ရေးသားထားတဲ့ အမေရိကန် က NDAA နဲ့ UN က R2P စစ်ရေးကြေညာခြင်းလည်း မရှိပါဘူး။ NDAA ထဲမှာ စစ်ရေးမဟုတ်တဲ့ အကူအညီပေးရေးသာ ပါဝင်ပါတယ်။
Video ရဲ့ ခေါင်းစဉ်မှာ ရုရှားက လောင်စာဆီပိတ်ပစ်တာ အမေရိကနဲ့ UN က စစ်ရေးကြေညာချက်ထုတ်ပြန်တာလို့ ဖော်ပြထားပေမယ့် Video အတွင်းမှာတော့ တစ်ခြား သတင်းအကြောင်းအရာတွေသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်များအောင်ပြုလုပ်ကာ ၎င်း Viewer အရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။