အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ထားကြတာ ဖြစ်ပြီး သတင်းအမှားထဲမှာ “ဗန်းမော်ပွဲမှာ ကျသွားတဲ့ PDF နှစ်ယောက်ရဲ့ ဖခင် နှစ်ဦးကို kia မှ ကန်တော်ရပ်တွင် ပစ်သတ်” လို့ ရေးသားကာ ဗန်းမော်မှာ ရှုံးနိမ့်နေတဲ့ KIA အဖွဲ့က ဒေသခံပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီး လူသစ်ဆွဲပြီး လက်နက်တပ်ဆင်ပေး၍ တိုက်ပွဲအတွင်းတန်းပို့ကာ အသေခံတိုက်ခိုင်းနေကြတယ်လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တွေကပါ ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
ဗန်းမော်တိုက်ပွဲမှာ ကျသွားတဲ့ PDF တွေရဲ့ ဖခင်တွေကို KAI က ပစ်သတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီဟာ ဗန်းမော်တိုက်ပွဲမှာ အထိနာနေပြီး KIA နဲ့ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ ဒေသခံပြည်သူနဲ့ KIA ကြား သွေးခွဲဖို့ ခုလို သတင်းအမှား ဖြန့်ထားတာ ဖြစ်ပါတယ်။
KIA ဟာ PDF တွေရဲ့ ဖခင်ဖြစ်သူတွေကို သတ်ဖြတ်တဲ့ ဖြစ်စဉ်မရှိသေးပါဘူး။ ဝါဒဖြန့်တဲ့သူတွေက ၎င်းတို့ သတင်းအမှားနဲ့ ဝါဒဖြန့်နေကြအတိုင်း ဖြန့်ဝေလာခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သည်မည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့် သတင်းအမှားတွေ ဖြန့်နေတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပါတယ်။