ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MaMa News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၈ မိနစ်နီးပါး ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့ အတူ ဗိုလ်နဂါးနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပုံကို အသုံးပြုကာ ‘PDF အတု မင်းအောင်လှိုင်တပည့်ကို ဖမ်းမိပြီ။ အရမ်းဝမ်းသာစရာသတင်း’ လို့ ရေးသား ဖြန့်ဝေထားတာပါ။
ဗီဒီယိုဖိုင်ထဲမှာ လူမှုမီဒီယာပေါ်မှာ မကြာခန live လွှင့်လေ့ရှိတဲ့ ဦးမျိုးထိုက်တန်သိန်း ဆိုသူရဲ့ တော်လှန်ရေးနဲ့ ပက်သတ်တဲ့ အကြောင်းအရာတွေ ပြောဆိုနေမှုကို ဖော်ပြထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေ သဘောကျ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေနေတဲ့ ဗီဒီယိုထဲမှာ live လွှင့် ပြောဆိုနေတဲ့ ဦးမျိုးထိုက်တန်သိန်း ဆိုသူရဲ့ ပြောဆိုမှုထဲမှာလည်း PDF အတု မင်းအောင်လှိုင် တပည့်ကို ဖမ်းမိပြီဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ ဗိုလ်နဂါးနဲ့ NUG အစိုးရရဲ့ တဘက်နဲ့ တဘက် အပြန်အလှန် စွတ်စွဲပြောဆိုမှုအပေါ် အခြေခံပြီး လူအများစိတ်ဝင်စားမယ့် ဓာတ်ပုံတွေ အသုံးပြုကာ ဗီဒီယိုကာဗာပုံပြုလုပ်ပြီး ဖြန့်ဝေထားတာသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။