အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၃ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေရယ်၊ ရှေ့နေတွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “မင်းအောင်လှိုင်ရဲ့ အမိန့်ညွှန်ကြားစာနဲ့အတူ၊ ခြံအမှတ် ၅၄ ရန်ကုန်နေအိမ် အမေစု ပြန်ရောက်၊ NLD ရှေ့နေကိုယ်တိုင် အတည်ပြု ထုတ်ပြန်ပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၅၂၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ခြံအမှတ် ၅၄ ကို ပြန်လည်ရောက်ရှိလာတယ်ဆို အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထားဆဲဖြစ်ပြီး ပြန်လွတ်ပေးခြင်း၊ ရန်ကုန်နေအိမ်ကို ပြန်ပို့ခြင်း မရှိသေးပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။