အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဧပြီလ ၁၄ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ ရေကစားနေတဲ့ဓါတ်ပုံတစ်ပုံရယ်၊ လမ်းလျှောက်သင်္ကြန်ဓါတ်ပုံရယ်၊ မီးလောင်နေတဲ့ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို ပူးတွဲ ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ရန်ကုန်မြို့ ဗဟိုမဏ္ဍပ် စျေးဦးပေါက်ပြီ။ ဆူးလေအနီး ရန်ကုန်မြို့ ဗဟိုမဏ္ဍပ် ဗုံးပေါက်ခွဲခံရပြီး လုံခြုံရေးယူတဲ့ ရဲနဲ့ပြည်သူ (၅၀) သေဆုံး” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ၁ ရက်အတွင်း YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ ၈၁၀၀၀ ကျော်ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်မြို့တော်ခန်းမ က ဗဟိုမဏ္ဍပ် ဗုံးပေါက်ကွဲပြီး ရဲအပါအဝင် ပြည်သူ ၅၀ ခန့်သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီဘက်က ကျင်းပတဲ့ သင်္ကြန်ပွဲတော် အခမ်းအနားတွေကို တော်လှန်ရေးအင်းအားစုတွေက သွားရောက်ခြင်းမပြုဖို့ မကြာခဏဆိုသလို ပြောထားလေ့ရှိပြီး ဧပြီလ ၁၄ ရက်နေ့ မန္တလေး ဗဟိုမဏ္ဍပ်အနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ ၁၂ ဦးခန့်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ မန္တလေးမှာသာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ရန်ကုန်မှာတော့ ဗုံးပေါက်ကွဲမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ခြင်း မရှိသလို မြို့တော်ခန်းမရှေ့က ဗဟိုမဏ္ဍပ်မှာလည်း ဗုံးပေါက်ကွဲမှု မရှိပါဘူး။ သတင်းအမှားဖြန့်သူက လုပ်ကြံဖြန့်ဝေထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။