အဆိုပါ သတင်းအတုကို ဩဂုတ်လ ၁၅ ရက်နေ့မှာ YouTube ချန်နယ်တစ်ခုက ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ်၊ ၂ သောင်းတန် အပေါ်မှာ ကြက်ခြေခတ် ခြစ်ထားတဲ့ ပုံကို ပူးတွဲဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၁၅ ရက်နေ့ နှစ်သောင်းတန် ပြန်ဖျက်သိမ်းပြီလို့ ရှုံ့မဲမဲ ကြေညာလိုက်ပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း “နှစ်သောင်းတန် ပြန်ရုတ်သိမ်းပြီလို့ ကြေညာ” လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ YouTube Video link ကို ဖေ့စ်ဘွတ်ပေါ်ပါ အကောင့်တစ်ချို့က ထပ်ဆင့်မျှဝေမှုရှိနေပြီး ၃ ရက်အတွင်း YouTube ပေါ် ဝင်ရောက်ကြည့်ရှုထားသူ ၁၁၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီက အသစ်ရိုက်နှိပ်ထားတဲ့ ၂ သောင်းတန် ငွေစက္ကူအသစ်တွေ ပြန်လည်ဖျက်သိမ်းလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီက ၂ သောင်းတန်ကို ဖျက်သိမ်းခြင်းမရှိသလို ဒီအကြောင်းအရာကို မည်သည့်အဖွဲ့အစည်း မည်သည့် သတင်းဌာနကမှ ဖော်ပြထားခြင်းမရှိပါဘူး။ ၎င်းလက်အောက်က ဝန်ထမ်းတွေကို လခ ထုတ်ပေးတဲ့အခါ ၂ သောင်းတန်တွေ ထည့်သွင်းပေးကြာမယ်ဆိုတဲ့ ပြောဆိုမှုတစ်ချို့တော့ ထွက်ပေါ်နေပါတယ်။
ဒါ့အပြင် ၎င်းတို့ တင်ထားတဲ့ Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြား သတင်းအကြောင်းအရာတွေ တစ်ခြား စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။