အဆိုပါ သတင်းအတုကို Today’s Special News TV Channel ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဧပြီလ ၉ ရက်မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ ၎င်း Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ မီးလောင်နေတဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “၉ ရက်နေ့ မနက်ပိုင်း အထူးသတင်း သင်္ကြန်တောင် မရောက်သေးဘူး။ ရန်ကုန်မှာ ပွဲကြမ်းနေပြီ။ အစိုးရရုံးနဲ့ စစ်သား ၁၀ ဦးသေဆုံး” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ “ရန်ကုန်မြို့တော် သင်္ကြန်မဏ္ဍပ်နှစ်ခု ပြာကျသွားပြီ ရန်ကုန်မှာ ပွဲကြမ်းနေပြီ” လို့ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို like လုပ်ထားသူ ၃၃၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၁၃၄၀၀၀ ကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်မှာ သင်္ကြန်မဏ္ဍပ် ၂ ခု ပြာကျသွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဧပြီလ ၈ ရက်နေ့ ညပိုင်းက ပြည်သူရင်ပြင်က ရေကစား ဗဟိုမဏ္ဍပ်နဲ့ စမ်းချောင်းရဲစခန်းရှေ့က ရေကစားမဏ္ဍပ်ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တယ်လို့ Dark Shadow အဖွဲ့က ထုတ်ပြန်ထားပြီး ထိခိုက်မှု အသေးစိပ်ကို မသိရှိရဘူးလို့ ၎င်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီလို ဖောက်ခွဲခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဧပြီလ ၉ ရက်ကနေ ဒီနေ့အထိ အဆိုပါ မဏ္ဍပ်တွေဟာ ပုံမှန်အတိုင်း ဆောက်လုပ်နေပြီး သိသာထင်ရှားတဲ့ ထိခိုက်မှု တစ်စုံတစ်ရာ မတွေ့ရပါဘူး။ စစ်ကောင်စီဘက်ကတော့ ပြည်သူ့ရင်ပြင် ဝန်းအတွင်းမှာ မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံး တွေ့ရှိခဲ့ရပြီး သိမ်းဆည်းကာ ဖောက်ခွဲခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။
ဒီဖြစ်စဉ်ကြောင့် သိသာထင်ရှားတဲ့ ပျက်ဆီးမှု မတွေ့ရသလို သင်္ကြန်မဏ္ဍပ် ၂ ခု ပြာကျသွားပြီးဆိုတာဟာလည်း သတင်းအမှားသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ ဓါတ်ပုံတွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူ အရေအတွက်ကနေ ဝင်ငွေပြန်ရအောင် ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။