အဆိုပါ သတင်းအတုကို Shristi Bhavakar ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၇ မိနစ်နဲ့ ၅၀ စက္ကန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ အပေါ်မှာ " ၁၇ ရက်နေ့ တစ်ပြိုင်နက် ပစ်ချခံရ Video file ကြည့်ရဲမှကြည့်ပါ" လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ "ဂျက်ဖိုက်တာ ၂ စီး တစ်ပြိုင်နက် ပစ်ချလိုက်ပြီ" လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို Like လုပ်ထားသူ ၂၄၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ကျော်ရှိကာ ဝင်ရောက်ကြည့်ရှု့ထားသူ ၆၅၀၀၀ ကျော်ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ဂျက်ဖိုက်တာ ၂ စီး တစ်ပြိုင်နက် ပစ်ချခံလိုက်ရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဒီသတင်းအမှားဟာ လူအများ ဝင်ရောက်ကြည့်ရှု့ဖို့ လိမ်ညာရေးသားထားတဲ့ Clickbaits သတင်းတစ်ပုဒ်သာ ဖြစ်ပြီး ဂျက်ဖိုက်တာတွေ ဒီရက်ပိုင်းထဲ ပစ်ချခံရခြင်း မရှိသလို မည်သည့် သတင်းမီဒီယာ မည်သည့်အဖွဲ့အစည်းမှာမှ ရေးသားဖော်ပြထားခြင်း မရှိပါဘူး။
ဒါ့အပြင် သတင်းအမှား Video ထဲမှာ ဂျက်ဖိုက်တာ ၂ စီး ပစ်ချလိုက်ပြီလို့ ရေးထားပေမယ့် Video အတွင်းမှာတော့ ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စစ်ရေးသတင်းတွေ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ရဲ့ နောက်ခံအသံကို ယူပြီး Video ပြုလုပ်ထားခြင်းသာဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူ အရေအတွက်ကနေ ဝင်ငွေ ပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။