'သင်ဇာ၀င့်ကျော် သတင်းထူးများ' ဆိုတဲ့ ဒီဖေစ့်ဘွတ်ပေချ့်ကို ၂၀၂၀ ခုနှစ်အတွင်းကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး like လုပ်ထားသူ တစ်သိန်းလေးသောင်းကျော်နဲ့ follower နှစ်သိန်းခြောက်သောင်းကျော် ရှိနေပါတယ်။
ဒီဖေစ့်ဘွတ်ပေချ့်မှာ သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ ပုံဟောင်းတွေ အသုံးပြုကာ ပြန်လည်လွတ်မြောက်လာသယောင် ပိုစ့်တင်ရေးသားမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ နေ့စဉ်လည်း ရိုင်းစိုင်း ညစ်ညမ်းတဲ့စာတွေနဲ့ သင်ဇာဝင့်ကျော်ရဲ့ ပုံတွေ တွဲတင်ပြီး ဖြန့်ဝေမှုတွေ ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ကောင်က လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်လျော့ပေါ့ခွင့် တွေအသီးသီးခွင့်ပြုခဲ့ရာမှာ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ အခြားမော်ဒယ်တစ်ဦး ပြန်လည်လွတ်မြောက်လာတယ်ဆိုပြီး ဦးစွာသတင်းထွက်ခဲ့ပါတယ်။
သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ အခြားမော်ဒယ်တစ်ဦး ပြန်လည်လွတ်မြောက်လာတယ်ဆိုတဲ့ အကြောင်းကို သတင်းဌာနတွေမှာ မဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒါဟာ သတင်းမှားတွေသာ ဖြစ်တယ်လို့ စစ်ကောင်စီထောက်ခံတဲ့ မီဒီယာ အချို့မှာ ပြန်လည်ဖော်ပြခဲ့ပါတယ်။
လက်ရှိမှာ သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ - ၃၃ (က) နဲ့ စစ်ကောင်စီက ဖမ်းဆီးတရားစွဲခဲ့ပြီး ရန်ကုန်တိုင်း၊ အင်းစိန်ထောင်တွင်း တရားရုံးကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့မှာ ထောင်ငါးနှစ် ချလိုက်တယ်ဆိုပြီး သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။