ဒီသတင်းအမှားကို Myanmar Tips ဆိုတဲ့ ဝက်(ဘ်)ဆိုဒ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ ကိုရိုနာရောဂါကို ပျောက်အောင် ကုသနိုင်တဲ့ ဆေးတစ်မျိုးကို အင်းစိန် BPI ဆေးဝါးစက်ရုံက စတင်တွေ့ရှိခဲ့တယ်လို့ ဒီ ဝက်(ဘ်)ဆိုဒ်မှာ ရေးသားထားပါတယ်။
ဒီဆေးဟာ WHO က Covid ရောဂါကုသဖို့ ရွေးချယ်ထားတဲ့ ဇကာတင်စာရင်းထဲပါဝင်တဲ့ အတွက် တချို့ဆေးဆိုင်တွေက ဈေးတင်ရောင်းတော့မယ်လို့ ရေးသားထားပါတယ်။
ဒီသတင်းအမှားကို Myanmar Tips ဆိုတဲ့ ဝက်(ဘ်)ဆိုဒ်ကနေ တဆင့် Myanmar Tips ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မှတဆင့် မျှဝေခဲ့ပါတယ်။
လက်ရှိမှာ ဒီ သတင်းကို Myanmar Tips ဝက်(ဘ်)ဆိုဒ်ကနေရေးသားပြီးတဲ့နောက်မှာ လူပေါင်း ကိုးသောင်းကျော် ကျော် မျှဝေခဲ့ကြပြီး ထပ်ဆင့် မျှဝေနေကြဆဲ ဖြစ်ပါတယ်။
ဒီ ဝက်(ဘ်)ဆိုဒ်မှာ ရေးသားထားတဲ့ ဆေးဟာ တကယ်တော့ ငှက်ဖျားရောဂါ ကုသရေးအတွက် အသုံးပြုနေတဲ့ ကလိုရိုကွင်း ပဲဖြစ်ပါတယ်။ ကလိုရိုကွင်းဟာ ဘေးထွက်ဆိုးကျိုးများတဲ့ ဆေးတစ်မျိုးလည်း ဖြစ်တဲ့အတွက် ဆရာဝန်ညွှန်ကြားချက် မပါဘဲ အသုံးမပြုသင့်တဲ့ ဆေးပဲ ဖြစ်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီသတင်းအချက်လက်တွေကို စိစစ်ဖို့ Boom Myanmar အဖွဲ့က ရန်ကုန်ဆေးဝါးတက္ကသိုလ်၊ ဆေးဝါးဗေဒဌာနက ကထိက ဒေါက်တာ ဒေါ်သန်းသန်းနုကို ဆက်သွယ်မေးမြန်းထားပါတယ်။
"Covid-19 ဗိုင်းရပ်ပေါ်လာပြီးနောက်ပိုင်း မှာ ဆေးပညာအသိုင်းအဝိုင်းက Research တွေလုပ်ကြတယ်။ ဒီ ၂ဝ၂ဝ မတ်လပိုင်းမှာ ထွက်ထားတဲ့ Health Journal တွေမှာ ဟိုက်ဒြောက်ဆီကလိုရိုကွင်းနဲ့ စမ်းသပ်ထားကြတယ်။ ဒီစမ်းသပ်မှုတွေမှာ Covid-19 ရောဂါပိုး ရှိတဲ့သူတွေကို ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းနဲ့ အဆင်မပြေရင် ကလိုရိုကွင်းပေးဖို့ စဉ်းစားကြတာပေါ့။ ဒါကလည်း Covid-19 ဗိုင်းရပ်ပိုးရှိတဲ့ Positive လူနာတွေကိုပဲ ပေးရမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရဲ့ လမ်းညွှန်ချက်မှာလည်း ပါထားတယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ရဲ့ လမ်းညွှန်ချက်မှာ ပါတယ်ဆိုပေမယ့် ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ထုတ်ပြန်ချက်မှာတော့ မပါသေးဘူး။ မတ်လ ၂၈ ရက် လမ်းညွှန်ချက်မှာတော့ ပါလာပြီ။ သို့သော်လည်း Positive လူနာကိုပဲ သုံးရမယ်။ သူတို့ရဲ့ ဂျာနယ်တွေမှာ ကလိုရိုကွင်းတို့ ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းတို့ဟာ Covid မှာ သုံးလို့ရတယ်ဆိုပြီး စမ်းသပ်ထားတဲ့ လူနာဦးရေကလည်း အများကြီး မဟုတ်ဘူး။ လူနာဦးရေ ၁၆ ယောက်လောက်မှာ စမ်းသပ်ထားတာတို့ ၆ ယောက်လောက်မှာ စမ်းသပ်ထားတာတွေပဲ ဖြစ်တဲ့အတွက် General Population ကို ကိုယ်စားပြုချင်မှ ပြုမယ်လို့ရှင်းပြပါတယ်။
ဆက်လက်ပြီးဒီလိုအချက်အလက်တွေကြောင့် လူတွေကြားထဲမှာ မိမိသဘောနဲ့မိမိဝယ်ယူသုးံစွဲကြရင်ဖြစ်လာနိုင်တဲ့အကျိူးအဆက်တွေကိုလည်းအခုလိုရှင်းပြထားပါတယ်။
"အခု တော်တော်များများ သိထားကြသလို ဒါကြီးက…. ရောဂါပိုး အပြီးပျောက်လို့ ကိုယ့်သဘောနဲ့ ကိုယ် ပြေးဝယ်ရမယ်ဆိုတာမျိုး မဟုတ်ဘူး။ ဒါမျိုးကတော့ ….မလုပ်ရဘူး။ အဓိက ကလိုရိုကွင်း (Chloroquine) ကတော့ မြန်မာပြည်မှာ ငှက်ဖျားဆေးအနေနဲ့ သုံးကြတာ။
ကလိုရိုကွင်းကို ငှက်ဖျားရောဂါအပြင် အရောင်ကျအောင် သုံးတာ ရှိတယ်။ ဝမ်းကိုက်ပိုးမှာ သုံးတာရှိတယ်။ ပြီးတော့ Rheumatoid Arthritis လို့ခေါ်တဲ့အဆစ်အမြစ် လေးဘက်နာရောဂါဘက်မှာ သုံးတာ ရှိတယ်။ ဒါပေမယ့် ဒီလိုအသုံးပြူတဲ့အခါ ငှက်ဖျားအတွက်ကတော့ (၃) ရက်လောက်ပဲ အသုံးပြုရတယ်။ အဆစ်အမြစ်ရောင် လေးဘက်နာတို့၊ အသည်းမှာဖြစ်တဲ့ ဝမ်းကိုက်ပိုးတို့ကျတော့ ၂၁ ရက်တို့၊ ၆ လ တို့ အသုံးပြုရတယ်။
ဒီလို ၂၁ ရက်တို့၊ ၆ လ တို့ သုံးပြီးရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ မျက်စိထိတယ်။ မျက်စိထိတဲ့အတွက်ကြောင့် chloroquine retinopathy လို့ခေါ်တဲ့ ကလိုကွင်းကြောင့် မျက်ကြည်လွှာပျက်ဆီးပြီး အမြင်အာရုံဆုံးရှုံးတာတွေပါ ဖြစ်နိုင်တယ်။ ဒီလို မျက်လုံးထိခိုက်မှု များတဲ့အတွက် ခုနောက်ပိုင်း ကလိုရိုကွင်းအစား ဟိုက်ဒြောက်ဆီ ကလိုရိုကွင်း (Hydroxychloroquine) ကို အသုံးလာကြတယ်" ဆိုပြီးရှင်းပြထားပါတယ်။
တကယ်တော့ ကလိုရိုကွင်းဟာမြန်မာနိုင်ငံမှာယခင်ကတည်းက သုံးနေတဲ့ဆေးတစ်မျိူးဖြစ်ပြီး ကိုဗစ် 19 ကို ပျောက်ကင်းနိုင်တဲ့ဆေးတစ်မျိူအဖြစ်တရားဝင်သတ်မှတ်ထုတ်ပြန်ထားခြင်းမရှိသေးတာကြောင့် ဒီသတင်းဟာ သတင်းအမှားသက်သက်ပဲဖြစ်ပါတယ်။