ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Top Ten Viral ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ကာဗာပုံပေါ်မှာ ‘အရေးတော်ပုံ အောင်ပြီဟေ့။ လေယာဉ်ပစ်ရအောင် ဒေါ်ဇင်မာအောင် စွမ်းဆောင်နိုင်ခဲ့ပြီ’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲဟာ ခေတ်သစ်သတင်းဌာနမှာ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဖော်ပြထားတဲ့ ‘မြန်မာစစ်တပ်အတွက် လက်နက်တင်သွင်းမှုနှင့်လေယာဉ်ဆီတင်သွင်းမှု ပိတ်ဆို့ အရေးယူနိုင်ရေး NUG နိုင်ငံခြားရေးဝန်ကြီးက ယူကေ၊ ကနေဒါ နိုင်ငံတို့၏ ကုလသမဂ္ဂ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး’ ဆိုတဲ့ သတင်းနဲ့ အခြား သတင်းတွေကို နောက်ခံ စကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။
သတင်းထဲမှာ မြန်မာစစ်တပ်အတွက် လက်နက်တင်သွင်းမှုနဲ့ လေယာဉ်ဆီ တင်သွင်းမှုကို ဥပဒေကြောင်းအရ ပိတ်ဆို့ အရေးယူနိုင်ဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ယူကေနဲ့ ကနေဒါနိုင်ငံတွေက ကုလသမဂ္ဂ အမြဲတမ်း ကိုယ် စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ စစ်တပ်လေယာဉ်တွေ ပစ်ချနိုင်အောင် လုပ်နိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ခေတ်သစ်သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။