ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရန်နိုင်မင်း စစ်ဆင်ရေး ပြန်ဆုပ်ပြီ။ မန္တလေးအတွင်း NUG သမ္မတ စစ်ရေးကွပ်ကဲနေ။ ဒုချုပ်ဝင်းနဲ့ စစ်ခေါင်းဆောင် ပြဿနာတက်နေပြီ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မန္တလေးမှာ NUG သမ္မတ စစ်ဆင်ရေးကွပ်ကဲနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ ဆောင်းပါးရှင် လှစိုးဝေရဲ့ ဖေစ့်ဘွတ်မှာ စက်တင်ဘာလ ၂၂ ရက်နေ့က ဖြန့်ဝေထားတဲ့ 'အောင်ဇေယျ၊ ဆင်ဖြူရှင်၊ ရန်နိုင်မင်း' ဆိုတဲ့ ဆောင်းပါးကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဖြန့်ဝေထားတဲ့ ဆောင်းပါးထဲမှာ ၁၀၂၇ စစ်ဆင်ရေးအပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ပြန်လည်ထိုးစစ်ဆင်ဖို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးအကြောင်းတွေကို ရေးသားထားတာပါ။ ဒီအကြောင်းအရာတွေထဲမှာ မန္တလေးမှာ NUG သမ္မတ စစ်ဆင်ရေးကွပ်ကဲနေတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ စစ်ခေါင်းဆောင်နဲ့ ဒုချုပ်တို့ ပြဿနာ တက်နေတယ်ဆိုတဲ့ အကြောင်းအရာတွေအကြောင်း ရေးသားမထားပါဘူး။
ဆောင်းပါးရှင် လှစိုးဝေရဲ့ ဖေစ့်ဘွတ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။