အင်းစိန်ထောင် ဗုံးခွဲတိုက်ခိုက်သူ ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား
အင်းစိန်ထောင် ပေါက်ကွဲမှုဖြစ်စဉ်က အဓိကကြိုးကိုင်သူတွေကို ဖမ်းမိပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီသတင်းကို အောက်တိုဘာ ၂၀ ရက်နေ့က စပြီး သတင်းမှားတွေ တင်လေ့ရှိတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ပုံစံအမျိုးမျိုးနဲ့ ရေးသားဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုအများအပြားလည်း ရှိနေပါတယ်။ အင်းစိန်ထောင်ရှေ့က ထောင်ဝင်စာပါဆယ်ပို့ဆောင်တဲ့ ဌာနမှာ အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲခဲ့ရမှာ တရားရင်ဆိုင်နေရသော ဗကသကျောင်းသားဟောင်း ကိုဂျိမ်းစ်၏ မိခင်ဖြစ်သူအပါအဝင် လူရှစ်ဦး သေဆုံးခဲ့ဖြစ်ခဲ့တာပါ
ဒီပေါက်ကွဲမှု ဖြစ်စဉ်ကို Special Task Agency of Burma (STA) က လုပ်ဆောင်ခဲ့လို့ ထုတ်ပြန်ကြေညာအပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒီဝေဖန်မှုတွေဖြစ်ပေါ်ပြီးနောက် ပေါက်ကွဲမှုဖြစ်စဉ်မှာ ကြိုးကိုင်သူတွေကို ဖမ်းမိတယ်ဆိုပြီး သတင်းမှားတွေ ထွက်ပေါ်လာတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အင်းစိန်ထောင်ပေါက်ကွဲပြီးနောက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော Special Task Agency Of Burma(STA) အဖွဲ့က အဆိုပါ လုပ်ဆောင်ချက်ဟာ ထောင်မှူးအား ရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းနဲ့ စစ်ကော်စီတပ်မှ ပြန်လည်ပစ်ခတ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်အပြီးမှာ ထောက်ပို့ကြိုးကြာများအဖွဲ့အစည်း Fundraising Cranes for U (FCU) က Special Task Agency of Burma (STA) အဖွဲ့ကို လစဉ်ထောက်ပံ့ပေးမှု အပြီးတိုင်ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
တချို့ရေးသားမှုတွေမှာ STA အဖွဲ့ဟာ အဖမ်းခံထားရတာ ကြာပြီဖြစ်ကြောင်း၊ အဖွဲ့က ပျက်သွားတာ ကြာပြီဖြစ်ကြောင်းနဲ့ အခုလက်ရှိသုံးနေတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ စစ်ကောင်စီက ကိုင်တွယ်အသုံးပြုနေကြောင်းတွေ ရေးသားဖြန့်ဝေမှုတွေလည်း ရှိပါတယ်။
ဒီ FCU ရဲ့ ထုတ်ပြန်ချက်အရ STA အဖွဲ့မရှိတော့တာ ကြာပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေဆိုတာ ကောက်ချက်ချနိုင်ပါတယ်။
STA အဖွဲ့ရဲ့ လုပ်ဆောင်ချက် အောင်မြင်ခဲ့ပေမယ့် ဖောက်ခွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများနဲ့ နိုင်ငံရေး အကျဉ်းသားတွေအပေါ် ထောင်တွင်းအကြမ်းဖက်မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်တဲ့အတွက် ဒီလုပ်ဆောင်ချက်ကို အပြင်းအထန်ကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။FCU ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည်ရှု့နိုင်ပါတယ်။
ဒါ့အပြင် အင်းစိန်ထောင်ပေါက်ကွဲမှုအတွက် တာဝန်ရှိတဲ့အပိုင်းကို တာဝန်ယူမယ်လို့ STA အဖွဲ့က အောက်တိုဘာ ၂၇ ရက် ညပိုင်းမှာ ထုတ်ပြန်ထားတဲ့အကြောင်း သတင်းတွေမှာလည်း ဖော်ပြထားပါသေးတယ်။
ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။