ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် လွတ်ပြီဆိုတဲ့ သတင်းအမှား
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကလွတ်ပြီလို့ စစ်တပ်လက်အောက်ခံ MRTV သတင်းမှာ ကြေညာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Star Vibes ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၁၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်စာနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ရာသက်ပန်လွတ်ပြီ။ MRTV မှာ ကမ္ဘာသိ ထုတ်ပြန်ကြေညာပြီ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ခေါင်းဆောင်က ဒေါ်အော်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို လွှတ်ပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ RFA Burmese မှာ အောက်တိုဘာ ၁၀ ရက်နေ့က ဖြန့်ဝေထားတဲ့ 'နိုင်ငံရေးအကျဉ်သားတွေ အချိန်မီဆေးကုသခွင့်ပေးဖို့ PPNM တောင်းဆို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ နိုင်ငံရေးအကျဉ်းသားတွေထဲက အရေးပေါ်လူနာတွေကို ထောင်ပြင်ပဆေးရုံတွေမှာ ကုသနိုင်ရေး အချိန်နဲ့တပြေးညီ ပို့ဆောင်ပေးဖို့ အပါအဝင် အချက်လေးချက်ကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ စစ်ကောင်စီကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အောက်တိုဘာလ ၉ ရက်နေ့မှာ တောင်းဆိုတဲ့ အကြောင်းအရာဖြစ်ပါတယ်။
RFA Burmese မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။