ကျားဖြန့်ငွေလိမ်ဂိုဏ်းကိစ္စနဲ့ စစ်ကောင်စီကို တရုတ်ဆင့်ခေါ်တယ်ဆိုတဲ့ သတင်းအမှား
ကျားဖြန့်ငွေလိမ်လုပ်ငန်းကနေ ငွေအမြောက်အများ လက်ခံရရှိတာတွေ ပေါက်ကြားသွားလို့ စစ်ကောင်စီကို တရုတ်က ဆင့်ခေါ်တယ် ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ နေ့လည်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ပေါက်ကြားကုန်လို့ ဆင့်ခေါ်ခံရပြီ။ ကျားဖြန့်ငွေလိမ်လုပ်ငန်းမှ စစ်အုပ်စု ငွေအမြောက်အများ လက်ခံရရှိကြောင်း ပေါက်ကြားလို့ တရုတ်က ဆင့်ခေါ်ပြီ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ ခြောက်သောင်းနီးပါး ရှိနေပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဖေဖေါ်ဝါရီ ၂၁ ရက်နေ့က ဖော်ပြထားတဲ့ ‘မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များကို ပိုင်အောင် ပေါင်းထားနိုင်သည့် ရှမ်းပြည်နယ်ရဲမှူး ရဲမှူးချုပ် တင်ကိုကို ကျားဖြန့် ငွေလိမ်ဂိုဏ်းများ၊ မူးယစ်လုပ်ငန်းများထံမှ ဆက်ကြေး သိန်းထောင်ချီ ရယူခဲ့သော်လည်း ရာထူး မပြုတ်’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။
ဒီသတင်းတွေထဲမှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းကိစ္စနဲ့ စစ်ကောင်စီကို တရုတ်ဆင့်ခေါ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသား ထားတဲ့ သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။