ရွေးကောက်ပွဲကော်မရှင်အရာရှိကို မဲခိုးသူအဖြစ် မှားယွင်းဝေမျှနေ
ပေါက်မြို့နယ် ကျွန်းရင်းရွာ မဲအငြင်းပွားမှုဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ပေါက်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်ဇင်မာသက်ပုံကို အသုံးပြုပြီး လူမှုမီဒီယာတွေအပေါ် ပြစ်တင်ရေးသားဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာတွင် အောက်တိုဘာ ၂၉ ရက် နေ့က အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင်များကို ကြိုတင်မဲကောက်ယူနေချိန်တွင် သက်ကြီးရွယ်အိုများ၏ ကြိုတင်မဲများကို မသမာမှုပြုလုပ်တယ်လို့ဆိုကာ ကျွန်းရင်းရွာ ရွာသူရွာသားတွေက မှန်ကန်အောင်ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြရင်း အငြင်းပွားမှု ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါဖြစ်ရပ်ကို ကျွန်းရွင်းရွာသား Soe Yar Zar ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ပိုင်ရှင်က အောက်တိုဘာလ ၂၉ ရက်နေ့ ည ၇ နာရီခွဲခန့်မှာ ဖေစ့်ဘွတ်ပေါ်မှာ Live ခဲ့ပြီး သူ့ Live ဗွီဒီယိုမှာ ပါခဲ့တဲ့ ဒေါ်ဇင်မာသက်ပုံကို ယူသုံးပြီး မဲခိုးတယ်လို့ ရေးသားဖြန့်ဝေနေကြတာပါ။
ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီလိုဖြန့်ဝေနေမတွေမှာ မှားယွင်းကြောင်းနဲ့ မဲ မသမာသူပြုလုပ်သူမှာ သူမဟုတ်ကြောင်း၊ ဒေါ်ဇင်မာသက်မှာ ကျွန်းရင်းရွာ ကော်မရှင် ဥက္ကဌနှင့် ပြသနာတက်သည်ကိုသွားရှင်းသူသာဖြစ်ကြောင်းကို ဖေစ့်ဘွတ် Live လွှင့်ခဲ့သူ Soe Yar Zar ဆိုသူကိုယ်တိုင် သူ့ရဲ့ဖေစ့်ဘွတ်အကောင့်မှာ အောက်တိုဘာလ ၃၀ ရက်နေ့က ဖြေရှင်းခဲ့ပါတယ်။
Soe Yar Zar ရဲ့ ပြန်လည်ဖြေရှင်းထားတဲ့ ပိုစ့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။
နောက်ထပ် ဒီမဲအငြင်းပွားမှုဖြစ်စဉ်နဲ့ မြို့နယ်ကော်မရှင် အတွင်းရေးမှူး ဒေါ်ဇင်မာသက် သက်ဆိုင်ခြင်းမရှိတဲ့အကြောင်းကို Galaxy News ဆိုတဲ့ သတင်းဌာနက အောက်တိုဘာလ ၃၀ ရက်နေ့က ရေးသားဖော်ပြခဲ့ပါတယ်။
ဒေါ်ဇင်မာသက်အပါအဝင် ပေါက်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၃ဦးက အဆိုပါဖြစ်စဉ်ကို ဖြေရှင်းပေးရန် ကျွန်းရင်းရွာသို့ သွားရောက်ခဲ့ခြင်းသာ ဖြစ်ပြီး Live မှာပါဝင်တဲ့ သူမပုံကို ယူသုံးပြီး မဲသူခိုးဆိုပြီး စွပ်စွဲနေတာသာ ဖြစ်ကြောင်း ဖြစ်စဉ်ကို Live လွှင့်ခဲ့သူ ကျွန်းရင်းရွာသား ကိုစိုးရာဇာက ပြောတယ်ဆိုပြီး ရေးသားထားပါတယ်။ သတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။