ဒုတပ်ချုပ်ကို ကာချုပ်ရာထူးပေးဖို့ သဘောတူလိုက်ပြီဆိုတဲ့ သတင်းအမှား
စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူးက ဖြုတ်ချပြီး ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးပေးဖို့ အားလုံးက သဘောတူလိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Viral Video 704 ဆိုတဲ့ ပေချ့်မှာ ဇန်နဝါရီ ၁၈ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ‘မင်းအောင်လှိုင်ကိုဖယ်ပြီး စိုးဝင်းကို ကာချုပ်ရာထူးပေးဖို့ အားလုံးက သဘောတူလိုက်ပြီ။ မင်းအောင်လှိုင် ဖြုတ်ချခံလိုက်ရ။ စိုးဝင်းကို ကာချုပ်ရာထူးပေးပြီ’ လို့ ဖြန့်ဝေထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒုတပ်ချုပ်ကို ကာချုပ်ရာထူးပေးဖို့ သဘောတူလိုက်ပြီဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသား ထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာထူးမှ နုတ်ထွက်ဖို့နဲ့ ရာထူးကို ဒုကာကွယ်ရေးဦးစီးချုပ် စိုးဝင်းထံ လွှဲပြောင်းပေးဖို့ မဘသ ဘုန်းကြီးတွေနဲ့ စစ်တပ်ထောက်ခံသူတွေက ဇန်နဝါရီလ ၁၆ ရက်နေ့က ပြင်ဦးလွင်မှာ ပြုလုပ်တဲ့ စစ်တပ်ထောက်ခံပွဲမှာ တောင်းဆိုလိုက်တယ်ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတာပါ။
ဒီအကြောင်းအရာထဲမှာ စစ်ခေါင်းဆောင် ရာထူးက ဖြုတ်ချခံရတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဒုကာချုပ် စိုးဝင်းကို ကာချုပ်ရာထူး ပေးလိုက်တယ်ဆိုတဲ့ အကြောင်းအရာတွေ မပါဝင်ပါဘူး။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းထံ လွှဲပေးပြီး အရပ်ဘက်ဝန်ကြီးချုပ် အဖြစ် တာဝန်ယူသင့်တယ်လို့ ဇန်နဝါရီ ၁၆ ရက်က ပြင်ဦးလွင်မှာပြုလုပ်တဲ့ MNDAA ကန့်ကွက်ဆန္ဒပြပွဲမှာ အမျိုးသားရေး ဆရာတော်လို့ လူသိများတဲ့ ပေါက်ကိုယ်တော် (အရှင် အရိယဝံသ) က မိန့်ကြားခဲ့တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။