ABSDF နဲ့ PDF တပ်ဖွဲ့ဝင်တွေက ရှေးဟောင်းစေတီကို မိုင်းကပ်ခွဲပြီး ဖျက်ဆီးတယ်ဆိုတဲ့ သတင်းအမှား
ABSDF နဲ့ ဒေသကာကွယ်ရေး ပူးပေါင်း တပ်တွေက မင်းရွာ၊ မြစ်သာမြစ် မြောက်ဘက်အခြမ်းက အလောင်းစည်သူမင်းတည်ထားခဲ့တဲ့ ရှေးဟောင်းမြသိန်းတန်စေတီအပါအဝင် အခြားသော ဗုဒ္ဓဘာသာ သာသနိက အဆောက်အအုံတွေကို မိုင်းခွဲဖျက်ဆီးခဲ့တယ်ဆိုပြီး ရေးသား ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ် တစ်ခုဖြစ်တဲ့ မှိုင်းဝေ (hmine wai) ဆိုတဲ့ ချန်နယ်မှာ စတင်ဖြန့်ဝေ ခဲ့တာဖြစ်ပြီး ဖေစ့်ဘွတ်ပေါ်က စစ်တပ်လော်ဘီ ပေချ့်တွေမှာ ဩဂုတ်လ ၂၁ ရက်နေ့ ညနေမှာ ပြန်လည်ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ စေတီအပျက်အစီး ဓာတ်ပုံအနည်းငယ်နဲ့အတူ ‘ABSDFနဲ့ PDF များမှ မြသိန်းတန်စေတီကို မိုင်းကပ်ခွဲပြီး ဖျက်ဆီး’ လို့ ခေါင်းစဉ်တပ်ကာ ‘မင်းရွာ၊ မြစ်သာမြစ် မြောက်ဘက်အခြမ်းရှိ အလောင်းစည်သူမင်းတည်ထားခဲ့သော ရှေးဟောင်းမြသိန်းတန်စေတီ အပါအဝင် အခြားသော ဗုဒ္ဓဘာသာ သာသနိက အဆောက်အအုံများကို ကွန်မြူနစ် အကြမ်းဖက် ABSDF+PDF အဖွဲ့များမှ မိုင်းခွဲ ဖျက်ဆီးတဲ့အတွက် တော်တော်များများ ပျက်စီးခဲ့ကြောင်းသိရပါတယ်’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေ သဘောကျ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
မင်းရွာ၊ မြစ်သာမြစ် မြောက်ဘက်အခြမ်းရှိ အလောင်းစည်သူမင်းတည်ထားခဲ့တဲ့ ရှေးဟောင်းမြသိန်းတန်စေတီ အပါအဝင် အခြားသော ဗုဒ္ဓဘာသာ သာသနိက အဆောက်အအုံတွေ ထိခိုက်ပျက်စီးရတဲ့ သတင်းကို The Irrawaddy သတင်းဌာနမှာ ဩဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
သတင်းထဲမှာ ဒီရှေးဟောင်း သာသနာအဆောက်အအုံတွေ ပျက်စီးခဲ့ရတာဟာ စစ်ကောင်စီဘက်မှ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ဖြစ်တယ်လို့ ဒေသခံတွေကို ကိုးကားပြီး ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ ဖြစ်ရပ်တွေအကြောင်း အထောက်အထားတွေ စုဆောင်းတင်ပြနေတဲ့ Myanmar Witness ကလည်း Irrawaddy သတင်းဌာနက သတင်းကို ပြန်လည်ကိုးကားဖော်ပြခဲ့ပါတယ်။
Irrawaddy သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ သတင်းနဲ့ Myanmar Witness မှာ ဖော်ပြထားမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
ဒါကြောင့် စစ်တပ်လက်အောက်ခံ ဖေစ့်ဘွတ်ပေချ့်တွေ၊ အကောင့်တွေကနေ ဖြန့်ဝေနေတာတွေဟာ လူမျိုးရေး ပဋိပက္ခတွေ၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားလာအောင် တမင်လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ဖြစ်တယ်ဆိုတာ သတိထားဖို့ လိုပါတယ်။