မှိုကွန်ချာက အရိုးကင်ဆာပျောက်တယ်ဆိုတဲ့ သတင်းအမှား
မှိုကွန်ချာကို အရက်ပြန်နဲ့ ဆေးဖော်စပ်ပြီး လိမ်းပေးပါက အရိုးကင်ဆာ ပျောက်ကင်းတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို တိုင်းရင်းဆေးနဲ့ ဆက်စပ်တဲ့ ဖေစ့်ဘွတ်ဂရုတွေမှာ ပြီးခဲ့တဲ့ နှစ်ကတည်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး အချို့ ဖြန့်ဝေမှုတွေမှာ ထပ်ဆင့်ဖြန့်ဝေမှုပေါင်း သောင်းကျော်ရှိနေပါတယ်။
ဖြန့်ဝေရာမှာ အရိုးကင်ဆာ ပျောက်တဲ့ မှိုကွန်ချာ လို့ ရေးသားကာ အတွင်းမှာတော့ ‘မှိုကွန်ချာဟာ မိုးရာသီမှာ အများအပြား ပေါက်တာ တွေ့ရကြောင်း၊ အရိုးကင်ဆာသာ မက အခြားသော အရေပြား ရောဂါတွေကိုပါ ပျောက်ကင်းစေကြောင်း၊ မှိုကွန်ချာ အကြောင်းကို နတ္ခတ္တရောင်ခြည် မဂ္ဂဇင်းမှာ အကိုးအကားနဲ့ တကွ ဖတ်ခဲ့ရတာဖြစ်ကြောင်း၊ ဟင်္သတမြိုနယ် ဘက်က သူတစ်ဦး အရိုးကင်ဆာကြောင့် ခြေထောက်ဖြတ်ဖို့ ဆေးရုံက ရက်ချိန်းပေးလိုက်ကြောင်း၊ လူနာက ခြေထောက်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာ ဝါသနာရှင် ဆေးကုသသူ တစ်ဦးက မှိုကွန်ချာနဲ့ ဆေးဖော်စပ်တဲ့ ဆေးနည်းပေးခဲ့ရာမှ တဖြေးဖြေး သိသာစွာ သက်သာလာပြီး ခြေထောက်ဖြတ်စရာ မလိုပဲ အရိုး ကင်ဆာ ပျောက်ကင်းသွားကြောင်း' ရေးသားထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အချက်အလက် ခိုင်မာမှု မရှိပဲ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
မှိုကွန်ချာ (Phallus indusiatus) ဟာ Phallaceae မျိုးရင်းဝင် မှို မျိုးစိတ်တခုဖြစ်ပြီး အပူပိုင်းဒေသ အာရှတိုက်၊ အာဖရိကတိုက်၊ အမေရိကတိုက်နှင့် ဩစတျေးလျတိုက်တို့တွင် တွေ့ရှိရလေ့ရှိတယ်လို့ သိရပါတယ်။
ယူကေနိုင်ငံအခြေစိုက် ကင်ဆာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Cancer Research UK (ကင်ဆာသုတေသန ယူကေ) ရဲ့ ဖော်ပြချက်ထဲမှာ မှိုကို ကင်ဆာကုသဆေးအဖြစ် မကြာခဏ ပြောနေကြပေမယ့် ဘယ်မှိုအမျိုးအစားကမှ ကင်ဆာရောဂါကို ကာကွယ် ကုသနိုင်တယ် ဆိုတဲ့ အထောက်အထား ခိုင်ခိုင်မာမာ မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။
တရုတ်ဆေးပညာရှင်တွေက မှိုကို ရောဂါကုသရာမှာ အသုံးပြုကြကြောင်း၊ မှို သို့မဟုတ် မှိုကတဆင့်ထုတ်လုပ်ထားတဲ့ အရာတွေက ကင်ဆာရောဂါကို ကာကွယ်ကုသနိုင်တဲ့ အထောက်အထားမရှိကြောင်း၊ အစောပိုင်း သုတေသန ပြုချက်တွေအရ မှိုဟာ ကိုယ်ခံအား စနစ်ကို အားကောင်းစေတယ်ဆိုတဲ့ အတွက် သုတေသနပြုလုပ်နေကြောင်း ရေးသားထားပါတယ်။
Cancer Research UK က သုတေသနပြုချက်ထဲမှာ မှိုကို ဂျပန်နဲ့ တရုတ်နိုင်ငံတွေမှာ အဆုတ်ရောဂါ ကုသရာမှာ အသုံးပြု ကြကြောင်း၊ တခါတလေမှာ ကင်ဆာကုသရမှာလည်း တွဲဖက်အသုံးပြုကြောင်း၊ မှိုမှာ ရှိတဲ့ အချို့သော ဓာတုဒြပ်ပေါင်းတွေက ကိုယ်ခံအားစနစ်ကို အားကောင်းစေတယ်လို့ ယူဆတဲ့အတွက် သုတေသန လုပ်နေကြောင်း၊ ဒါပေမယ့် စမ်းသပ်မှုအများအပြား ထပ်မံလုပ်ဆောင် ရမှာ ဖြစ်ပြီး ကင်ဆာကုသနိုင်တယ်ဆိုတဲ့ အထောက်အထား မရှိသးဘူးလို့ ဖော်ပြထားပါတယ်။
Cancer Research UK မှာ ဖော်ပြထားတာကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။