ICC ၊ ICJ အမိန့်နဲ့ စစ်ခေါင်းဆောင်ငါးဦးကို ဖမ်းမယ်ဆိုတဲ့ သတင်းအမှား
စစ်ကောင်စီခေါင်းဆောင်နဲ့ ဒေါက်တာ ဆာဆာ ရဲ့ ပုံကို အသုံးပြုကာ ICC ၊ ICJ အမိန့်အရ စစ်ခေါင်းဆောင်ငါးဦးကို တစ်လအတွင်း ဖမ်းပေးဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတွေဟာ သတင်းတုတွေသာဖြစ်ပါတယ်၊
ဒီသတင်းကို ဇွန်လ ၂၆ ရက် ညနေပိုင်းမှာ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Teriyani Nynou ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ၉ နာရီအတွင်း ပိုစ့်ကို react ပေးသူ နှစ်သောင်းငါးထောင်ကျော်နဲ့ ပြန်လည်ဖြန့်ဝေမှု သုံးထောင်နီးပါး ရှိနေတာ တွေ့ရပါတယ်။
ဒီအကြောင်းအရာကို စစ်ကောင်စီခေါင်းဆောင်နဲ့ ဒေါက်တာဆာဆာရဲ့ ပုံကို အသုံးပြုကာ ၂၂ မိနစ်ကျော်ကြာ ဗွီဒီယိုဖိုင်တစ်ခုနဲ့ တွဲဖက်ပြီး "ICC ၊ ICJ အမိန့်အရ စစ်ခေါင်းဆောင်ငါးဦးကို တစ်လအတွင်း ဖမ်းပေးဖို့ပြောပြီ" ဆိုတဲ့ပုံနဲ့ ရေးသား ဖြန့်ဝေထားတာဖြစ်ပါတယ်။
ဗွီဒီယိုကတော့ စင်္ကာပူနိုင်ငံမှာ နေထိုင်ပြီး နိုင်ငံရေးအကြောင်းတွေ မကြာခန Live လွှင့်ပြောဆိုသူ မအိုင်ရင်း ဆိုသူရဲ့ live လွှင့်ပြောဆိုမှုကို ပြန်လည်ဖြန့်ဝေထားတာပါ။
မူရင်းဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီဖြန့်ဝေမှုဟာ အပေါ်ယံကြည့်ပါက ဒေါက်တာဆာဆာ အနေနဲ့ စစ်ခေါင်းဆောင်ငါးဦးကို တစ်လအတွင်း ဖမ်းပေးဖို့ ICC နဲ့ ICJ ကို တင်ပြပြောဆိုတယ်လို့ ထင်ရပေမယ့် ဗွီဒီယိုဖိုင်ပါ အကြောင်းအရာတွေဟာ ဒေါက်တာဆာဆာနဲ့ သက်ဆိုင်မှု မရှိတာတွေ့ရပါတယ်။
ဗွီဒီယိုထဲမှာ မအိုင်ရင်းဆိုသူက "R2P လာဖို့အတွက်နဲ့ ICC၊ ICJ မြန်မြန် အရေးယူရန် ဒေါက်တာဆာဆာကို ဝိုင်းပြီးထောက်ခံဖို့ ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ တိုင်းရင်းသားတွေက အိတ်ဖွင့်စာတွေ ပေးပို့ရာမှာ ဘယ်လိုနည်းလမ်းတွေ သုံးမယ်ဆိုတဲ့အကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ဆီကို လက်နက်ခဲယမ်းရောက်ဖို့ CRPH က ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး လုပ်ကိုင်ပေးဖို့ လိုတဲ့အကြောင်းနဲ့ CRPH က တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်ခေါ်ပေးဖို့အကြောင်း" တွေကို ပြောဆိုထားတာပါ။
ဒေါက်တာဆာဆာ အနေနဲ့ စစ်ခေါင်းဆောင်ငါးဦးကို တစ်လအတွင်း ဖမ်းပေးဖို့ ICC နဲ့ ICJ ကို တင်ပြပြောဆိုတာမျိုး မရှိသလို မအိုင်ရင်းရဲ့ Live ထဲမှာလည်း ဒီလိုအကြောင်းအရာမျိုး ပြောဆိုထားတာ မတွေ့ရပါဘူး။
ဒါဟာလူအများ နားလည်မှုလွဲအောင် တမင်လုပ်ကြံရေးသား ဖြန့်ဝေထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။