အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အသံဖိုင်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား
လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိအားပေးပြောဆိုနေတဲ့ အာဏာရှင်ဟောင်း သန်းရွှေရဲ့ အသံဖိုင်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ သတင်းစုံ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုင်ဝင်ဘာလ ၂၀ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါး ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ပြည်သူ့အာဏာကို ပြန်လွဲ့ပေးဖို့ မင်းအောင်လှိုင်ကို ဖိအားပေးတဲ့ ဗိုလ်ချုပ်ကြီး သန်းရွှေရဲ့ (အသံဖိုင်)' လို့ ရေးသား ဖြန့်ဝေနေတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဗီဒီယိုဖိုင်ထဲမှာ အာဏာရှင်ဟောင်း သန်းရွှေရဲ့ ပုံတွေနဲ့အတူ စစ်ခေါင်းဆောင်အချို့ရဲ့ ပုံတွေနဲ့ အတူ လူတစ်ယောက်ရဲ့ နောက်ခံ ပြောစကားတွေ ထည့်ထားတာ ဖြစ်ပါတယ်။
စကားပြောရာမှာ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရည်ရွယ်ပြောဆိုနေတာ ဖြစ်ပေမယ့် ဒါဟာ အာဏာရှင်ဟောင်း သန်းရွှေရဲ့ အသံဆိုတဲ့ သက်သေအထောက်အထား မရှိပါဘူး။
ဒါ့အပြင် ဒီလိုပြောဆိုတယ်ဆိုတဲ့ အကြောင်းကို ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အစည်းတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
ဒီဗီဒီယိုကို သတင်းအမှားတွေ ဖန်တီးဖြန့်ဝေနေတဲ့ ‘သတင်းတိုင်းနယ်’ဆိုတဲ့ Youtube ချန်နယ်ကနေ ကူးယူဖြန့်ဝေထားတာလည်း ဖြစ်ပါတယ်။
ဒီချန်နယ်မှာ ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေဟာ သတင်းဌာနတွေက သတင်းတွေကို ပြန်လည်ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ဗီဒီယိုတွေ ရှိသလို သတင်းအမှန်နဲ့ အမှား ရောပြီး ကြည့်ရှု့သူတွေ ထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေလည်း ရှိနေပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။