ဘုရားလိပ်ဆိုပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှား
ပုံသဏ္ဍန် မမှန်တဲ့ လိပ်တစ်ကောင်ကို ဗီဒီယိုရိုက်ကူးပြီး ကျောမှာ ၂၄ ပစ္စည်း အဝိုင်းပါတဲ့ ဘုရားလိပ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ အချက်အလက် အမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို စက်တင်ဘာလ အစောပိုင်းကတည်းက ဖြန့်ဝေမှုတွေ ရှိခဲ့တာဖြစ်ပြီး Ye Yint Thu Gaming ဆိုတဲ့ ပေချ့်မှာ နိုဝင်ဘာ ၄ ရက်နေ့က ထပ်မံ ဖြန့်ဝေခဲ့တဲ့ အတွက် အွန်လိုင်းပေါ်မှာ ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိလာတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ပုံသဏ္ဍန် မမှန်တဲ့ လိပ်တစ်ကောင်ကို ကိုင်တွယ်ပြီး စကားပြောနေတာတဲ့ ၄၇ ကြာ ဗီဒီယိုကို 'တစ်ခါမှမမြင်ဖူးဘူး ကျောမှာ၂၄ ပစ္စည်းအဝိုင်းနဲ့တဲ့။ ဘုရားလိပ်တဲ့' လို့ ရေးသားထားပါတယ်။
ဗီဒီယိုထဲမှာလည်း လူအများ ဝိုင်းပြောနေတဲ့ စကားသံတွေ ပါရှိပြီး 'ဘုရားလိပ်၊ ၂၄ ပစ္စည်း၊ ပစ္စယောနဲ့။ အပေါ်မှာ ရွှေရောင်နဲ့။ အပေါ်က ဒါက အနာမဟုတ်ဘူး။ ခွာထားတာ' လို့ ပြောဆိုနေသံတွေ ပါဝင်ပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ အချက်အလက်အမှားတွေ ပါဝင်နေတာတွေ့ရပါတယ်။
ဗီဒီယိုဖိုင်ထဲက လိပ်ဟာ လိပ်ပါးနီ (Red-eared Slider) ဖြစ်ပြီး မြန်မာနိုင်ငံမှာ ကျူးကျော်မျိုးစိတ်ဖြစ်ပါတယ်။
မျိုးရင်းက အမေရိကန်နိုင်ငံ အလယ်ပိုင်းပိုင်းက ဖြစ်ပြီး သက်တမ်း နှစ် ၄၀ လောက်အထိ ရှင်သနန်နေထိုင်နိုင်တဲ့ မျိုးစိတ်ဖြစ်တယ်လို့ တိရစ္ဆာန်တွေအကြောင်း အသိပညာ ဖြန့်ဝေနေတဲ့ Responsible animal keeping ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၆ ရက်နေ့ ကတည်းက ပြန်လည်ဖြေရှင်းထားပြီး ဖြစ်ပါတယ်။
ပြန်လည်ဖြေရှင်းချက်ထဲမှာ တွားသွားသတ္တဝါတွေ မှာလည်း လူနဲ့ အခြား နို့တိုက်သတ္တဝါတွေမှာလို အရိုးကျန်းမာရေးနဲ့ ကြွက်သားတည်ဆောက်ဖို့ ကယ်လ်ဆီယမ် ဓာတ်တွေ လိုအပ်ကြောင်း၊ ဒီလို ပုံသဏ္ဍန် မမှန်တဲ့ လိပ်တွေဟာ ကယ်လ်ဆီယမ် ဓာတ်ချို့တဲ့ပြီး အရိုးပျော့ ရောဂါခံစားနေရတာ ဖြစ်ကြောင်း ရေးသားထားပါတယ်။
Responsible animal keeping ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။