ပေါက်ကိုယ်တော် ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား
အမျိုးသားရေး ဆရာတော်လို့ ကျော်ကြားတဲ့ ပေါက်ကိုယ်တော်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ်ရာထူးက နှုတ်ထွက်ဖို့ ပြောဆိုမှုနဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို ဇန်နဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းကစတင်ပြီး စစ်တပ်ထောက်ခံသူ အသိုင်းအဝိုင်းနဲ့ စစ်တပ်ကို တော်လှန်နေသူ တွေရဲ့ အသိုင်းအဝိုင်း ၂ ရပ်စလုံးမှာ ဖြန့်ဝေနေကြတာပါ။
ဖြန့်ဝေရာမှာ ‘ပေါက်ကိုယ်တော်ကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီး။ ဇန်နဝါရီလ ၁၆ ရက်နေ့က မန္တလေးတိုင်း ပြင်ဦးလွင် မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ကို ကန့်ကွက် ဆန္ဒပြပွဲမှာ မင်းအောင်လှိုင်ကို ကာချုပ်ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုခဲ့တဲ့ ပေါက်ကိုယ်တော် ကို အကြမ်းဖက် စစ်ကောင်စီက ဇန်နဝါရီလ ၁၉ ရက် ဒီကနေ့မှာ ဖမ်းဆီးထိန်းသိမ်း လိုက်ကြောင်း သိရှိရပါတယ်’ လို့ ရေးသားဖြန့်ဝေကြတာဖြစ်ပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။
ပေါက်ကိုယ်တော်က သူ့ရဲ့ ဖေစ့်ဘွတ်အကောင့် (ပေါက် ကိုယ်တော်) မှာ ဇန်နဝါရီ ၁၉ ရက် ညနေ ၄ နာရီခွဲ ဝန်းကျင်မှာ ဖေစ့်ဘွတ် live လွှင့်ပြီး 'တိုင်းပြည်နဲ့ ဘာသာ သာသနာအတွက်သာ ပြောခြင်းဖြစ်ကြောင်း၊ အသက်ပင် ပေးထားပြီး ဖြစ်တဲ့အတွက် ထောင်ဆိုတာကို ကြောက်ရွံ့ခြင်း မရှိကြောင်း၊ ဗိုလ်ချုပ်တွေကို ထောက်ခံနေတာမဟုတ်ကြောင်း၊ တပ်မတော်သားတွေကို ထောက်ခံတာ ဖြစ်ကြောင်း၊ တာဝန်ရှိသူမှ ခေါ်ယူမေးမြန်းတာ ဖြစ်ကြောင်း၊ သူ့ရဲ့ပြောဆိုချက်တွေကို အမှားလို့ မယူဆကြောင်း၊ ကရုဏာဒေါသနဲ့ ပြောဆိုခြင်း ဖြစ်တဲ့အတွက် နောင်တမရကြောင်း၊ တပ်နယ်မှူးကပ်တဲ့ လက်ဘက်သုပ်စားပြီး ပြန်လာတာဖြစ်ကြောင်း‘ တွေ ပြောဆိုထားတာပါ။
ပေါက်ကိုယ်တော်ရဲ့ ဖေစ့်ဘွတ် live လွှင့်ပြောဆိုမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
အမျိုးသားရေး ဆရာတော်လို့ လူသိများတဲ့ ပေါက်ကိုယ်တော်ဟာ ဇန်နဝါရီလ ၁၆ ရက်နေ့က ပြင်ဦးလွင်မှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်ထောက်ခံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နုတ်ထွက်ဖို့နဲ့ ကာကွယ်ရေးဦးစီးချုပ်နေရာမှာ ဒုတိယ စစ်ခေါင်းဆောင်နဲ့ အစားထိုးဖို့ ပြောဆိုခဲ့တာပါ။