ထိုင်းမှာ အာဏာသိမ်းတယ်ဆိုတဲ့ သတင်းအမှား
ထိုင်းနိုင်ငံမှာ အာဏာသိမ်းကြောင်း ကြေညာလိုက်တဲ့အတွက် ဆူပူကုန်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ရေးသားဖြန့်ဝေနေတဲ့ Burma TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၂၀ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂၂ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘ထိုင်းမှာ အာဏာသိမ်းကြောင်း ကြေညာလို့ ပွဲဆူကုန်ပြီ’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ‘ထိုင်းမှာ အာဏာသိမ်းကြောင်း ကြေညာလို့ ပွဲဆူကုန်ပြီ’ ဆိုတဲ့ အကြောင်း အရာ မပါဝင်ပါဘူး။
ဗွီဒီယိုထဲမှာ တခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
မေလ ၁၄ ရက်က ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီတွေ အနိုင်ရရှိခဲ့ပေမယ့် ဝန်ကြီးချုပ်သစ်ကို အခုအချိန် အထိ ရွေးချယ်နိုင်မှုမရှိသေးသလို အမတ်နေရာအများစု အနိုင်ရထားတဲ့ Move Forward ပါတီ ခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ်ကို iTV ဆိုတဲ့ မီဒီယာကုမ္ပဏီတစ်ခုမှာ ရှယ်ယာပိုင်ဆိုင်မှု ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ အနိုင်ရ ပါလီမန်အမတ် အဖြစ် အရည်အချင်း မမီကြောင်း ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဇူလိုင် ၁၉ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။
ထိုင်းစစ်တပ်က အာဏာသိမ်းမှုအပြီး ၂၀၁၄ ခုနှစ် အတွင်းက ပြဌာန်းလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲဝင်တဲ့ အမတ်လောင်းတွေဟာ သတင်းမီဒီယာတွေ ပိုင်ဆိုမှု မရှိစေဖို့ ပြဌာန်းထားပါတယ်။
အနိုင်ရပါတီ ခေါင်းဆောင်ပီတာ ကတော့ သူ ရှယ်ယာပိုင်ဆိုင်ခဲ့တဲ့ iTV ဆိုတဲ့ မီဒီယာ ကုမ္ပဏီဟာ ၂၀၀၇ ခုနှစ်ကတည်းက သတင်း ထုတ်လွှင့်မှု မရှိခဲ့တဲ့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ စည်းမျဉ်းကို ချိုးဖောက်ရာမရောက်ဘူးလို့ ပြန်လည်ချေပထား ပါတယ်။
အခုအချိန်မှာ Move Forward ပါတီ ထောက်ခံသူတွေဟာ ထိုင်း ပါလီမန် ရှေ့မှာ လာရောက်စုဝေးကြပြီး ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ဆန္ဒပြမှုတွေ ရှိနေပါတယ်။
ဒါကြောင့် အခုဖြန့်ဝေနေသလို ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကြောင်း ကြေညာလို့ ဆူပူတယ်ဆိုတာ သတင်းအမှားပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။