ရန်ပုံငွေကိစ္စ အရှုပ်အရှင်းကြောင့် ဗိုလ်နဂါး လက်နက်စွန့်တယ်ဆိုတဲ့ သတင်းအမှား
ရန်ပုံငွေ ကိစ္စနဲ့ ပက်သက်ပြီး NUG ဝန်ကြီးတွေကို စိတ်နာလို့ ဗိုလ်နဂါး လက်နက်စွန့်တယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေတာဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီသတင်းအမှားကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MMB သတင်းစုံ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်ခန့်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ 'NUG ဝန်ကြီးတွေကို စိတ်နာလို့ ဗိုလ်နဂါး လက်နက်အပ်။ ရန်ပုံငွေ ကိစ္စနဲ့ ဗိုလ်နဂါး လက်နက်စွန့်ပြီ' လို့ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အခုဖြန့်ဝေနေတဲ့ ရန်ပုံငွေ ကိစ္စနဲ့ ပက်သက်ပြီး NUG ဝန်ကြီးတွေကို စိတ်နာလို့ ဗိုလ်နဂါး လက်နက်စွန့်တယ်ဆိုတာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ပုလဲပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နဲ့ ပုလဲပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ပအဖ)ရုံးတွေ စီးနင်းခံရတဲ့အပေါ် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) နဲ့ ဒေသတွင်း ကာကွယ်ရေး တပ်ဖွဲ့တွေ ကြားထဲမှာ အငြင်းပွားနေခဲ့ပြီး အပြန်အလှန် စွပ်စွဲပြစ်တင်တာတွေ ရှိနေခဲ့ပါတယ်။ ဒါနဲ့ပက်သက်ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)မှ ခေါင်းဆောင် ဗိုလ်နဂါးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရှင်းလင်းမယ့်အပေါ် လက်ခံလိုက်တဲ့အပြင် ဒီလအစောပိုင်းကလည်း ပြည်သူလူထုက တော်လှန်ရေးက ထွက်စေလိုသော ဆန္ဒရှိပါက လက်နက်-ငွေကြေး ရှင်းတမ်းအပ်ပြီး ထွက်မယ်လို့ ရုပ်သံဖိုင်တစ်ခု ထုတ်လွှင့်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Channel News Independent ဆိုတဲ့ သတင်းချန်နယ်ပေချ့်မှာ ဗိုလ်နဂါး ပြောဆိုထားတဲ့ ရုပ်သံဖိုင်ကို ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။