ဓါတ်ပုံအမှားနဲ့ဖြန့်ဝေတဲ့ လေးကေကော်က အချက်အလက်အမှား
လေးကေကော်ကို စစ်ကောင်စီက လေကြောင်းအင်အားသုံးတိုက်ခိုက်တဲ့ဖြစ်စဉ်တွေနဲ့အတူ အချက်အလက်အမှားတွေရောထွေးနေတဲ့ သတင်းမှားတွေနဲ့ဏါတ်ပုံတွေ လူမှုကွန်ရက်မှာပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းပျံ့နှံ့ခဲ့ပါတယ်။

သတင်းကို Shar Pyae Sone ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၇ နာရီနီးပါခန့်မှာ "မအလများ စပစ်နေပါပီးဗျ"ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားကာ ညပိုင်းပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်ရဟတ်ယာဉ်ပုံတွေနဲ့အတူ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဒီအကြောင်းအရာဖြန့်ဝေတဲ့အချိန်ဟာ လေးကေကော်တိုက်ခိုက်ခံရတဲ့နေ့နဲ့ တစ်ရက်တည်းဖြစ်တာကြောင့် နာရီပိုင်းအတွင်း ထပ်မံဖြန့်ဝေသူ နှစ်ထောင်ကျော်ရှိခဲ့ပါတယ်။
ပြန်လည်ဖြန့်ဝေမှုတွေမှာ "အမှောင်ကြိုက်တဲ့ညမင်းသားတွေ ညဆိုသောင်းကျန်းပြီ။ ယနေ့ညပိုင်း ၇ နာရီအချိန်ခန့်မှစတင်၍ လေးကေ့ကော်ဒေသတွင် စစ်ကောင်စီမှ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေ။" လို့ ရေးသားထားပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
လေးကေကော်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲသတင်းတွေနဲ့အတူ လုံးလုံးမှာယွင်းနေတဲ့ တိုက်ပွဲသတင်းတွေလည်းပေါ်ထွက်ခဲ့ပြီး ယခုအကြောင်းအရာကတော့ အချက်အလက် အမှားတွေပါဝင်နေတာကြောင့် BOOM ကဆန်းစစ်ခဲ့ရာမှာ သတင်းအမှားဖြစ်ကြောင်းစိစစ်တွေ့ရှိခဲ့ပါတယ်။
BOOM အနေနဲ့ ကရင်ပြည်နယ်နဲ့ သက်ဆိုင်တဲ့ သတင်းတွေ ဦးစားပေးရေးသားဖော်ပြတဲ့ Karen Information Center -KIC သတင်းဌာနကို ဆက်သွယ်မေးမြန်းရာမှာ ကရင်ပြည်နယ် မြဝတီမြို့၏ တောင်ဘက်ခြမ်း ၉ မိုင်ခန့်အကွာရှိ လေးကေကော်ဒေသကို စစ်ကောင်စီအဖွဲ့က ဒီဇင်ဘာ ၂၄ ရက်နေ့ မွန်းလွဲ ၃း၄၀ အချိန်ခန့်မှာ တိုက်လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ညပိုင်း ၇ နာရီအချိန် မဟုတ်ကြောင်းနဲ့ ပုံထဲက ရဟတ်ယာဉ်တွေလည်းမဟုတ်ကြောင်း ပြန်လည်ဖြေကြားထားပါတယ်။
ဒီသတင်းကိုလည်း Karen Information Center -KIC သတင်းဌာနမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
လေးကေကော်ဒေသကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး မွန်းလွဲ ၃ နာရီခွဲကျော်မှာ တိုက်လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။