PDF တွေကြောင့် ရွာသူရွာသားတွေ သေဆုံးထိခိုက်မှုများဆိုတဲ့ သတင်းအမှား
ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာကို ဗိုလ်နဂါးဦးဆောင်တဲ့ PDF တပ်တွေက ကျေးရွာတွေကို ဝင်ရောက်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ရာ ရွာသူရွာသားအများအပြား သေဆုံးထိခိုက်ခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေဒီရက်ပိုင်းထဲပျံ့နှံ့ခဲ့ပါတယ်။
အဆိုပါသတင်းအမှာဟာ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ နေရာသုံးခုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်းမှာ စတင်ရေးသားဖြန့်ဝေလာတာ ဖြစ်ပါတယ်။
ဒီလိုဖြန့်ဝေရာမှာ တိုက်ပွဲဖြစ်ပွားရာနေရာကို ရိုက်ကူးထားတဲ့ သုံးမိနစ်နီးပါးကြာမြင့်တဲ့ ရုပ်သံဖိုင်တစ်ခုနဲ့အတူ "ပုလဲနယ်ရှိ နေရာ ၃ ခုကို ဗိုလ်နဂါးဦးဆောင်တဲ့ PDF တပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၅ရက် နံနက်ပိုင်း PDF ပူးပေါင်းအဖွဲ့မှ ဝင်ရောက် တိုက်ခိုက်မှုကြောင့် ရွာသူရွာသားအများ သေဆုံးထိခိုက်မှုများကြောင်း" ရေးသားထားပါတယ်။
ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အဆိုပါဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၁၄ ရက် ည ၁၁ နာရီခန့်မှာ ပုလဲမြို့နယ်အတွင်းရှိ စစ်တပ်ထောက်ခံသူ ပျူစောထီးအခြေပြုရွာဖြစ်တဲ့ ဇီးဖြူကုန်းကို ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါး တပ်တော် နဲ့ မြင်းခြံ ZERO ပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်သား နဲ့ပျူစောထီး စုစုပေါင်း ၃၀ ခန့် သေခဲ့တယ်လို့ မြန်မာပြည်အလယ်ပိုင်း အညာဒေသ သတင်းအချက်အလက်တွေ အများဆုံးရေးသားဖော်ပြနေတဲ့ ထနောင်းမြေ သတင်းဌာန ပေချ့်မှာ ဖော်ပြထားပါတယ်။
သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။
မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA ရဲ့ ဖေစ့်ဘွတ်ပေချ့်ကလည်း ဒီတိုက်ပွဲသတင်းကို ဖော်ပြထားပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်အပါအဝင် ပျူစောထီး စုစုပေါင်း ၄၀ ခန့် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။