ရန်ကုန်-ပုသိမ်ကားလမ်း ပိတ်လိုက်ပြီဆိုတဲ့ သတင်းအမှား
စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ဧရာဝတီတိုင်းမှာ စစ်ပြင်ဖို့ ရန်ကုန်-ပုသိမ်ကားလမ်း ပိတ်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေ ရှိနေပါတယ်။
ဒီအကြောင်းအရာကို ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လည်ပိုင်းမှာ လူမှုမီဒီယာတွေပေါ်မှာ စတင်ဖြန့်ဝေနေကြတာဖြစ်ပြီး ထပ်ဆင့် ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ 'ဧရာဝတီ စစ်ပြင်ဖို့ ရန်ကုန်-ပုသိမ်လမ်း ပိတ်ချလိုက်ပြီတဲ့' လို့ ပို့တင်ရေးသားနေကြတာဖြစ်ပြီး ပိုစ့်အောက်မှာ သတင်းဌာနတွေက သတင်းအချို့ကို မှတ်ချက်ပေး ပြန်လည်ဖြန့်ဝေနေတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်-ပုသိမ်ကားလမ်း ပိတ်လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့ အခါ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နားလည်မှုလွဲမှားပြီး ပြန်လည်ရေးသားထားတာကို တွေ့ရပါတယ်။
ရန်ကုန်-ပုသိမ်ကားလမ်း ပိတ်လိုက်တယ်ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး သတင်းဌာန အချို့က ဖော်ပြထားတာမှာ ဒီလမ်းကြောမှာ ပြေးဆွဲနေတဲ့ ကုန်တင်ကားတွေ ကုန်စည်သယ်ယူပို့ဆောင်ခွင့်ကို ပိတ်လိုက်တာဖြစ်တယ် ဆိုပြီး ရေးသားထားတာပါ။
ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နဲ့ မိုင်နှစ်ဆယ်အထိ ရောက်လာတာတဲ့အတွက် ရန်ကုန်-ပုသိမ် ကားလမ်းမှာ ပြေးဆွဲနေတဲ့ ကုန်တင်ကားတွေကို ကုန်သယ်ခွင့် ပိတ်လိုက်တာလို့ RFA ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။
DVB သတင်းဌာနက ဖော်ပြထားတဲ့ သတင်းမှာတော့ ဒီဇင်ဘာ ၂၁ ရက် ကစပြီး ကုန်ကားတွေ ပုသိမ်မြို့က ထွက်ခွင့် ပိတ်လိုက်တယ်လို့ ရေးသားထားပါတယ်။
သတင်းတွေမှာ ဖော်ပြချက်အရ ကုန်တင်ကားတွေ ကုန်စည်သယ်ယူပို့ဆောင်ခွင့် စတင်ပိတ်လိုက်တာဖြစ်ပေမယ့် ခရီးသွား ကားတွေ၊ ကိုယ်ပိုင်ကားတွေ ပိတ်လိုက်တယ်လို့ ရေးသားထားတာ မရှိသေးပါဘူး။
RFA ရဲ့ သတင်းဌာနနဲ့ DVB သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။