အမေရိကန်က စစ်လေယာဉ်တွေ ထောက်ပံ့မယ်ဆိုတဲ့ သတင်းအမှား
တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်က စစ်လေယာဉ်တွေ ထောက်ပံ့မယ်ဆိုပြီးဖန်တီးရေးသားထားတဲ့အကြောင်းအရာတစ်ခုကို သတင်းမှားဖြန့်တဲ့ ယူကျုနဲ့ ဖေ့စ်ဘွတ်အကောင့်တချို့မှာဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။
ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဒီဇင်ဘာ ၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အမေရိကန် စစ်လေယာဉ်များထောက်ပံ့မည်။ တရုတ်ရဲ့ ဝင်ရောက်စွပ်ဖက်မှု အမေရိကန် အထူးအစည်းအဝေး ကျင်းပပြီး မြန်မာပြည်ကို အရေးပေါ်သတ်မှတ်/ဒေါက်တာဆာဆာကြေညာ' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အမေရိကန်က စစ်လေယာဉ်တွေ ထောက်ပံ့မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဒီအကြောင်းအရာဟာ မကြာသေးခင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ဒေါက်တာဆာဆာနဲ့အမေရိကန်အစိုးရအဖွဲ့ဝင်တချို့တွေ့ဆုံတဲ့ သတင်းတွေကို ချဲ့ကားပြီး ရေးသားထားတဲ့အကြောင်းအရာဖြစ်ပါတယ်။ ခေါင်းစဉ်နဲ့အတူ ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ DVB သတင်းဌာနမှာ ဒီဇင်ဘာ ၈ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မြန်မာ့အရေးအတွက် အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးစားနေဟု NUG ဝန်ကြီး ဒေါက်တာဆာဆာ ပြော' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်သာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာထဲမှာ အမေရိကန်က စစ်လေယာဉ်တွေ ထောက်ပံ့မယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။ သတင်းထဲမှာ မြန်မာ့အရေး ရှေ့ဆက်မဟာဗျူဟာအတွက် အမေရိကန် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ဒေါက်တာဆာဆာ ပြောတယ်ဆိုတဲ့ အကြောင်းအရာကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။
DVB သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။