ထိုင်းနဲ့ AA တပ်တို့ တို့ ပူးပေါင်းပြီး ဗမာစစ်တပ်ကို သိမ်းမယ်ဆိုတဲ့ သတင်းအမှား
ထိုင်းတပ်မတော်နဲ့ ရခိုင်တပ်မတော် AA တို့ ပူးပေါင်းပြီး ဗမာစစ်တပ်ကို သိမ်းမယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို Nyi Min Zaw ဖေစ့်ဘွတ်အကောင့်ကနေ ‘ရခိုင်တေးခြင်းပေါင်းစုစည်းရာ’ ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။
ဒီအကြောင်းအရာကို ဖြန့်ဝေခဲ့တာ တစ်နှစ်ကျော်ကြာပြီးမှ ယနေ့ညနေပိုင်းမှာ ရခိုင်တိုင်းရင်းသား နာမည်နဲ့ ဖွင့်ထားတဲ့ ဖေစ့်ဘွတ်အကောင့်တွေမှာ အများအပြား ထပ်မံ ဖြန့်ဝေလာတာ တွေ့ရတဲ့အတွက် BOOM က သတင်းဆန်းစစ်ထားတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နားထောင်ကြည့်ပါ ထိုင်းတပ်မတော်နှင့် ရခိုင်တပ်မတော် AA တို့ ပူးပေါင်းပြီး ဗမာတပ်မတော်ကို သိမ်းမည်ဟု သိရသည်' လို့ ရေးသားထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဒီအကြောင်းအရာကို ဖြန့်ဝေထားတာ တစ်နှစ်ကျော်ကြာပြီ ဖြစ်ပေမယ့် ထိုင်းတပ်မတော်နှင့် ရခိုင်တပ်မတော် AA တို့ ပူးပေါင်းမယ် ဆိုတဲ့ အကြောင်းအရာ မည်သည့် သတင်းဌာနမှာမှ ဖော်ပြထားခဲ့မှုလည်း မရှိပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့ အပတ်အတွင်းမှာ ထိုင်းနိုင်ငံက ဦးဆောင်ပြုလုပ်တဲ့ မြန်မာ့အရေးအဖြေရှာရေး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ကျင်းပခဲ့ပြီး မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးကိုပါ ဖိတ်ကြား ထားတဲ့အတွက် အာဆီယံနိုင်ငံတချို့နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကတောင် ဝိုင်းဝန်းကန့်ကွက် ခဲ့ရ ပါသေးတယ်။
ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာလည်း အထောက်အထား တစ်စုံတစ်ရာ မရှိတဲ့ အကြောင်းတွေကို လူတစ်ဦးက သူ့ရဲ့ထင်မြင်ယူဆချက် တွေကို နောက်ခံစကားပြောနဲ့ ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာဟာ နိုင်ငံရေး၊ လူမျိုးရေး အထိကရုန်းတွေဖြစ်အောင် လုပ်ကြံရေးသား ပြောဆိုထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။