မြို့သိမ်းတိုက်ပွဲ ရည်ရွယ်ချက်ဆိုပြီး တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်ထားတဲ့ သတင်းအမှား
စစ်တပ်ထောက်ခံသူတစ်ဦးက မြို့သိမ်းတိုက်ပွဲ ရည်ရွယ်ချက် ၃ ချက်ဆိုပြီး တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို Ko Sitt ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “မြို့သိမ်း တိုက်ပွဲများ ၏ ရည်ရွယ် ချက် ( ၃ ) ချက်” လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ “ဘဏ် များ လုပ်ငန်းရှင် များ အား ဓားမြတိုက်ရန်၊ မြို့ပြပြည်သူများအား အကြောက်တရားဖြင့် ထိန်းချုပ်၍ လူသားဒိုင်း အဖြစ် အသုံးချရန်၊ ပြည်သူ့ နေအိမ်များအား ဖောက်ထွင်းရယူ၍ မီးရှို့ရန်” (သတ်ပုံ အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို Like လုပ်ထားသူတွေနဲ့ ထပ်ဆင့်ဝေမျှထားသူတွေ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
မြို့သိမ်းတိုက်ပွဲ ရည်ရွယ်ချက် ၃ ချက်ဆိုပြီး ဘဏ်တွေ ဓါးပြတိုက်ဖို့၊ လူသားဒိုင်းအဖြစ်အသုံးချဖို့၊ မီးရှို့ဖျက်ဆီးဖို့ လုပ်ဆောင်ရန် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။
သတင်းအမှားဖြန့်သူဟာ စစ်ကောင်စီတပ်ကို ထောက်ခံသူတစ်ဦးဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းတော်လှန်ရေးအင်အားစုတွေက အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ခဲ့ကြပြီး၊ ကရင်နီ နဲ့ ချင်းပြည်နယ်အပါအဝင် တစ်နိုင်လုံးမှာ စစ်ရေးအရှိန်မြှင့်ကာ စစ်ကောင်စီရဲ့ တပ်စခန်းတွေ တိုက်ခိုက်လာခဲ့ကြပါတယ်။ ၁ လ ကျော်ကာလအတွင်းမှာ စစ်ကောင်စီဘက်က အသိမ်းခံရတဲ့ တပ်စခန်းအရေအတွက်ဟာ ၂၀၀ ကျော်ထိ ရှိလာပြီး၊ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်တဲ့ မြို့အရေအတွက်လည်း တိုးလာနေပါတယ်။
စစ်ကောင်စီတပ်ဟာ ၎င်းတို့ တိုက်ခိုက်ခံရတဲ့အခါတိုင်း ပြည်သူနေအိမ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်နေပြီး ရခိုင်ပြည်နယ်မှာလည်း ပြည်သူ ၂၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့အတွက် AA အဖွဲ့တွေက ပြန်လည် ကယ်တင်ပေးခဲ့ရပါတယ်။
စစ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူ ၂၀၀ ကျော်က AA က ကယ်တင်ပေးခဲ့ရတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။
လွိုင်ကော်တက္ကသိုလ်က ဝန်းထမ်းတွေကို KNDF က တိုက်ပွဲလွတ်ရာ ရွေ့ပြောင်းပေးခဲ့စဉ်ကလည်း စစ်တပ်ထောက်ခံသူတွေက အဆိုပါ ဝန်ထမ်းတွေကို သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း၊ လူသားဒိုင်းအဖြစ်ဖမ်းဆီးထားတာ ဖြစ်ကြောင်း ဆက်တိုက် သတင်းအမှားဖြန့်ခဲ့ကြပါတယ်။
လွိုင်ကော် တက္ကသိုလ်က ဆရာ၊ ဆရာမနဲ့ ဝန်ထမ်းတွေအကြောင်း စစ်တပ်ထောက်ခံသူတွေဖက်က ဖြန့်ထားတဲ့ သတင်းအမှားကို အောက်ပါ Link မှာ ကြည့်ပါ။
လွိုင်ကော်တက္ကသိုလ်က ဝန်ထမ်းတွေကို KNDF က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းအတု
သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တု ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ သတင်းတုတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အကောင့်ဖြစ်တာကို တွေ့ရပါတယ်။