စစ်ကောင်စီခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပြီး အရှုံးပေးလိုက်ပြီဆိုတဲ့ သတင်းအတု
စစ်ကောင်စီခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပြီး အရှုံးပေးလိုက်ပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။
![စစ်ကောင်စီခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပြီး အရှုံးပေးလိုက်ပြီဆိုတဲ့ သတင်းအတု စစ်ကောင်စီခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပြီး အရှုံးပေးလိုက်ပြီဆိုတဲ့ သတင်းအတု](https://www.boommyanmar.com/h-upload/2025/01/31/1039350-boom-myanmar-feature-image.webp)
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာနေသူ တစ်ဦးပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ဒေါ်စုကို သွားတွေ့ပြီး ဆွေးနွေးပြီတဲ့ဗျို့။ အကြီးကြီးထူးပြီ။ အမြန်နားထောင်ပေးကြပါ။ မင်းအောင်လှိုင် တရားဝင် အရှုံးပေးလိုက်ရပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။ သတင်းဆန်းစစ်ချက်
စစ်ကောင်စီခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပြီး အရှုံးပေးလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီရက်ပိုင်းထဲ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခြင်း မရှိသလို အာဏာသိမ်းထားတာကို အရှုံးပေးခြင်းလည်း မရှိပါဘူး။ မင်းအောင်လှိုင်သာ ဒီရာထူးကို ဆက်ယူထားဆဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။