ကိုရီးယားကို ထိုင်းက အရေးပေါ်ကြေညာတယ်ဆိုတဲ့ သတင်းအမှား
အမျိုးသမီး live လွှင့် ပြောဆိုနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ဖြန့်ဝေပြီး ကိုရိးယားကို ထိုင်းက အရေးပေါ် ကြေညာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Best Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၂၃ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ရက ကို ထိုင်းက အရေးပေါ် ကြေညာလိုက်ပြီ။ အရမ်းကောင်းတဲ့ သတင်းထူး’ ဆိုပြီး ရေးသားထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်စစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေနေတဲ့ live လွှင့် ပြောဆိုနေတဲ့အထဲမှာလည်း ထိုင်းနိုင်ငံက အရေးပေါ် ကြေညာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ ဗီဒီယိုထဲမှာ live လွှင့် ပြောဆိုသူ အမျိုးသမီးက တော်လှန်ရေးနဲ့ ပက်သတ်ပြီး သူ့ရဲ့ ထင်မြင်ယူဆချက်တွေကို ပြောဆိုနေတာသာ ဖြစ်ပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာနဲ့ အတွင်းက အကြောင်းအရာ ကိုက်ညီမှုမရှိတဲ့ လိမ်ညာဖြန့်ဝေထားမှုသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။