ပုသိမ်အမှတ် (၂) တံတား ကျိုးကျတယ်ဆိုတဲ့ သတင်းအတု
နိုင်ငံခြားက တံတားကျိုးတဲ့ ပုံတစ်ပုံကို အသုံးပြုပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပုသိမ်အမှတ် ၂ တံတား ကျိုးကျတယ်လို့ ရေးသားဖြန့်ဝေထားတဲ့ သတင်းတုတစ်ခုပျံ့နှံံလာပါတယ်။
အဆိုပါ သတင်းအတုတွေဟာ ဩဂုတ်လ ၈ ရက် နေ့ခင်းပိုင်းမှာ လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာတာ ဖြစ်ပြီး ကျိုးကျပျက်စီးနေတဲ့ တံတားတစ်စင်းရဲ့ ဓါတ်ပုံကို အသုံးပြုလူမှုကွန်ယက်ပေါ် ဖြန့်ဝေနေကြတာပဲ ဖြစ်ပါတယ်။ ၎င်းဓါတ်ပုံထဲမှာ တံတားတစ်စီး ကျိုးကျနေပြီး တံတားအောက်က ဆိပ်ကမ်းမှာ ရပ်နားထားတဲ့ သင်္ဘောတစ်စီးအပေါ်ကို ပြုတ်ကျနေတာကို တွေ့ရပါတယ်။ ဒီဓါတ်ပုံနဲ့အတူ "ပုသိမ်အမှတ်(၂)တံတား ကျိုးကျ ။(နေ့လည် ၁၂:၁၇ မိနစ်) လူထိခိုက်သေဆုံးမှုများနိုင်။ အရေးပေါ် ကယ်ဆယ်ရေးများ အမြန် လိုအပ်နေ" လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာက လူမှုကွန်ယက်ပေါ်မှာ ထပ်ဆင့်မျှဝေခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။
သတင်းဆန်းစစ်ချက်
ဧရာဝတီတိုင်းဒေသကြီးအတွင်းက အမှတ် ၂ တံတား ကျိုးကျသွားပြီး ထိခိုက်သေဆုံးမှု များတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။
တံတားကျိုးကျသွားတယ်လို့ ဖြန့်ဝေနေတဲ့ ဓါတ်ပုံဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ ထိုင်ဝမ်မှာ တံတားကျိုးကျသွားခဲ့တဲ့ ဓါတ်ပုံဖြစ်ပြီး ဒီတံတားကျိုးကျမှုကြောင့် ဖိလစ်ပိုင်နိုင်ငံသား ၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က ထိုင်ဝမ်မှာ တံတားကျိုးကျခဲ့တဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။
ပုသိမ်အမှတ် ၂ တံတားဟာ ကျိုးကျခြင်း မရှိပါဘူး။ လက်ရှိအချိန်ထိ သွားလာအသုံးပြုနေဆဲပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပုသိမ်တံတား အမှတ် ၂ ကျိုးကျသွားတယ်လို့ ပြောထားတဲ့ ဓါတ်ပုံထဲမှာ တံတား သံဘောင်တွေ ကိုယ်ထည်တွေဟာ ခဲပြာရောင် သာဖြစ်ပြီး ပုသိမ်တံတား အမှတ် ၂ ရဲ့ တံတားဘောင်တွေဟာ အနီရောင် ဖြစ်ပါတယ်။