NUG နဲ့ တရုတ်ဆွေးနွေးတယ်ဆိုတဲ့ သတင်းအမှား
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တရုတ်နိုင်ငံတို့ ဆွေးနွေးခဲ့ပြီး အာရက္ခတပ်တော် (AA) လည်း ပါဝင်ခဲ့တယ်လို့ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းတု၊ သတင်းမှားတွေ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'NUG နဲ့ တရုတ်ဆွေးနွေး AA ပါဝင်။ စစ်ကောင်စီကို တရားဝင်အစိုးရမဟုတ်ဟု သတ်မှတ်ပြီ။ အစိုးရ အစစ်အမှန်ကို တရုတ် တရားဝင် ချပြပြီ' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
NUG နဲ့ တရုတ်ဆွေးနွေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ RFA သတင်းဌာနမှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ရခိုင်ပြည်နယ်က တရုတ်စီမံကိန်းတွေ AA ထိန်းချုပ်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာထဲမှာ NUG နဲ့ တရုတ်ဆွေးနွေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
သတင်းထဲမှာ ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း ၁၁ ခုအနက် ၁၀ ခုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP -Myanmar) ထုတ်ပြန်တယ်ဆိုတဲ့
အကြောင်းအရာ ဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်အဆိုအရ AA ရဲ့ ထိန်းချုပ်ထားမှုထဲမှာ အကောင်အထည်ဖော်နေဆဲ စီမံကိန်းတွေဖြစ်တဲ့ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ရင်းနှီးမြှုပ်နှံမှုရှိတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ နီးပါးရှိတဲ့ ရေနံပိုက်လိုင်းစီမံကိန်းနဲ့ ဒေါ်လာ သန်း ၁၈၀ ရှိတဲ့ ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး စွမ်းအင်စီမံကိန်းတွေ ပါဝင်သလို အကောင်အထည်မဖော်ရသေးတဲ့ လျာထားချက်အဆင့် စီမံကိန်း ခုနစ်ခုလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။