နေပြည်တော် စစ်ရုံးချုပ် တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းအမှား
နေပြည်တော် စစ်ရုံးချုပ် တိုက်ခိုက်ခံရလို့ စစ်ကောင်စီရဲ့ ဝန်ကြီး (၁၀) ဦး ထွက်ပြေးရတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Local Celegram ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ်လ ၁၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒီညထဲမှာ မအလ သေသွားနိုင်တယ်။ နေပြည်တော် စစ်ရုံးချုပ် တိုက်ခိုက်ခံရလို့ ဝန်ကြီး (၁၀) ဦး ထွက်ပြေးကုန်ကြပြီ' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
နေပြည်တော် စစ်ရုံးချုပ် တိုက်ခိုက်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာဟာ RFA သတင်းဌာနမှာ ၂၀၂၄ ခုနှစ် ဧပြီ ၄ ရက်နေ့က ဖော်ပြထားတဲ့ 'နေပြည်တော် စစ်ရုံးချုပ်နဲ့လေတပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း NUG ပြော' ဆိုတဲ့ သတင်းဟောင်းတစ်ပုဒ်ကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က စစ်ရုံးချုပ် (ကက-ကြည်း) နဲ့ အေလာလေတပ်နေရာတွေကို ဧပြီလ ၄ ရက်နေ့ မနက်မှာ ဒရုန်းတွေနဲ့ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုတွေ ရှိခဲ့ကြောင်း၊
စစ်ရုံးချုပ်ကို ရှားထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone တပ်ခွဲနဲ့ PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး အေလာလေတပ်ကို ရှားထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ Lethal props တပ်ခွဲနဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက် ခဲ့တာဖြစ်ကြောင်း၊ စစ်ကောင်စီကတော့ နေပြည်တော်လေဆိပ်ရဲ့ အရှေ့ဘက်ကနေ ဒရုန်းလေးစင်း ပျံသန်းလာမှုနဲ့ ဇေယျာသီရိမြို့နယ် အရှေ့တောင်ဘက်က ဒရုန်းသုံးစင်း ပျံသန်းလာမှုတွေကို လေကြောင်းရန်ကာကွယ်ရေးတပ်က ပစ်ချနိုင်ခဲ့ပြီး လူနဲ့အဆောက်အအုံ ထိခိုက်မှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ခဲ့ကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ စစ်ကောင်စီရဲ့ ဝန်ကြီး ၁၀ ဦးထွက်ပြေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
ဒါ့အပြင် ဒီသတင်းက ပြီးခဲ့တဲ့ နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ သတင်းဟောင်းဖြစ်ပြီး လက်ရှိအချိန် ဖြစ်ပွားနေသယောင် ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။
RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။