နေတိုးစစ်မဟာမိတ်အဖွဲ့က မြန်မာပြည်ကို စစ်ကြေညာတယ်ဆိုတဲ့ သတင်းအမှား
နေတိုးစစ်မဟာမိတ်အဖွဲ့ NATO က မြန်မာပြည်ကို စစ်ကြေညာလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Khit Thit Myanmar ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'NAYTO အဖွဲ့ မြန်မာပြည်ကို စစ်ကြေညာလိုက်ပြီ (ကခုန်လို့ရပြီ)' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
နေတိုးစစ်မဟာမိတ်အဖွဲ့က မြန်မာပြည်ကို စစ်ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media သတင်းဌာနမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖော်ပြထားတဲ့ ‘မြန်မာနိုင်ငံတွင် စစ်ကို ဆက်လက် ဆင်နွှဲသွားကြရမည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ မြန်မာနိုင်ငံမှာ စစ်ကို ဆက်လက် ဆင်နွှဲသွားကြရမှာ ဖြစ်တယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ် ၁၂၈ သူရတပ်ခွဲ သင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တဲ့အကြောင်း ရေးသားထားတာပါ။
သတင်းထဲမှာ နေတိုးစစ်မဟာမိတ်အဖွဲ့က မြန်မာပြည်ကို စစ်ကြေညာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။