နေပြည်တော်ကို ပေးဖို့ MNDAA ပြောတယ်ဆိုတဲ့ သတင်းအမှား
ကိုးကန့်တပ် MNDAA က စစ်ကောင်စီအနေနဲ့ လားရှိုးမြို့ကို ပြန်လိုချင်ပါက နေပြည်တော်ပေးရမယ်လို့ ပြောဆိုတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဒီဇင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'MNDAA ပြတ်ပြတ်သားသား ဒဲ့ပြောပြီ။ လားရှိုးမြို့ကို ပြန်လိုချင်ရင် နေပြည်တော်ပေးရလိမ့်မယ်လို့ MNDAA ဒဲ့ပြောလိုက်ပြီ။1027 တတိယလှိုင်းစပြီဟေ့' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီကို နေပြည်တော်ကို ပေးဖို့ MNDAA ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Ayeyarwaddy Times သတင်းဌာနမှာ ဒီဇင်ဘာ ၄ ရက်နေ့က ဖြန့်ဝေထားတဲ့ 'တရုတ် ဖိအားကြောင့် ကိုးကန့်တပ် MNDAA က လားရှိုးကိစ္စ ဆွေးနွေးမည်ဟု ဆိုသော်လည်း စစ်ကောင်စီအနေဖြင့် ပြန်ရနိုင်ဖွယ် မရှိ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ စစ်ကောင်စီကို နေပြည်တော်ကို ပေးဖို့ MNDAA ပြောတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
Ayeyarwaddy Times သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
လက်ရှိမှာ ကိုးကန့်တပ် MNDAA က တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေး ၊နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းမယ်ဆိုပြီး ဒီဇင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ကြေညာထားပါတယ်။
စစ်ကောင်စီနဲ့ စစ်ရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလိုကြောင်း ၊ စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရတဲ့ အပြစ်မဲ့ ပြည်သူလူထုတွေရဲ့ အကျိုးအကို ငဲ့ညှာထောက်ထားခြင်း၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းလိုခြင်းနဲ့ ပြည်တွင်း စစ်ရေးပဋိပက္ခတွေကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်ဖို့အတွက် ဖြစ်ကြောင်း၊ မြန်မာပြည်ထဲက ခွဲထွက်ပြီး နိုင်ငံတော် သစ် ထူထောင်ခြင်းကို ပြုလုပ်မှာ မဟုတ်ဘဲ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်တယ် ဆိုတဲ့ အကြောင်း MNDAA က ထုတ်ပြန်ထားတာပါ။