နိုင်ငံတကာ အထူးတပ်များ နေပြည်တော်ဝင်ရောက်လာပြီဆိုတဲ့ သတင်းအမှား
နိုင်ငံတကာက အထူးတပ်တွေ နေပြည်တော်ကို ဝင်ရောက်လာပြီး လုံခြုံရေးတိုးမြှင့်ထားတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Mandalay khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နိုင်ငံတကာ အထူးတပ်များ နေပြည်တော်ဝင်ရောက်။ အစိုးရရုံးများအားလုံး ပိတ်နေပြီး ဝန်ထမ်းများ အိမ်ပြင် မထွက်ခိုင်း။ မင်းအောင်လှိုင် ပြည်တွင်းမှာ မရှိပဲ ဒုချုပ်စိုးဝင်းက လုံခြုံရေးတိုးမြှင့်' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
နိုင်ငံတကာ အထူးတပ်များ နေပြည်တော်ဝင်ရောက်လာပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Mizzima သတင်းဌာနမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖော်ပြထားတဲ့ 'မြန်မာ့ အမှည့်ခြွေစစ်ပွဲ နိဂုံးပိုင်းဆီ ဦးတည်' ဆိုတဲ့ ဆောင်းပါးကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးထဲမှာ နိုင်ငံတကာ အထူးတပ်များ နေပြည်တော်ဝင်ရောက်လာပြီဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။