ချောင်းသာမှာ တိုက်ပွဲ ဖြစ်နေတယ်ဆိုတဲ့ သတင်းအမှား
ဧရာဝတီတိုင်း၊ ချောင်းသာမှာ အာရက္ခတပ် (AA) နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖော်ဆောင်နေပြီး အကြီးအကျယ် တိုက်ပွဲဖြစ်ပွားနေတယ်တဲ့ ရေးသားဖြန့်ဝေနေမှုတွေ လူမှုကွန်ရက်ပေါ် ဒီရက်ပိုင်းထဲပျံ့နှံ့လာပါတယ်။
ဒီအကြောင်းအရာကို Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၁၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ချောင်းသာတိုက်ပွဲ ရေကုန်ရေခမ်းဖြစ်နေ။ အပျော်ပါး မက်တဲ့သူတွေ ကြာညှပ်ကုန်ပြီ။ AA နဲ့ တော်လှန်ရေးတပ်က ရုတ်တရက် တိုက်ခိုက်။ လေယာဉ်နဲ့ အတူ ရေတပ်ကပါ ခုခံနေသော်လည်း အတုန်းအရုံးသေဆုံး' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media ဇန်နဝါရီ ၁၄ ရက်နေ့က ဖော်ပြထားတဲ့ 'AA နှင့်တော်လှန်ရေးတပ်များကို ကြောက်လန့်၍ ချောင်းသာနှင့်ငွေဆောင်တွင် စစ်တပ်က အင်အားတိုးမြှင့်ပြီး စစ်သင်္ဘောတချို့ ကင်းလှည့်၊ လမ်းခရီးနှင့်ဂိတ်များတွင် မှတ်ပုံတင်၊ လက်ကိုင်ဖုန်းများကို တင်းကျပ်စွာ စစ်ဆေးနေ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ ရခိုင်ပြည် ဂွမြို့နဲ့ နီးကပ်တဲ့ ဧရာဝတီတိုင်းထဲက မကျီးဇင်တိုက်ပွဲ ဖြစ်ပွားပြီးနောက်မှာ စစ်တပ်က ရွှေသောင်ယံ အပါအဝင် ငွေဆောင်နဲ့ ချောင်းသာဒေသတွေမှာ စစ်အင်အားတိုးမြှင့် ချထားပြီး လမ်းခရီးတလျှောက်နဲ့ ဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း၊ စစ်သင်္ဘော တချို့ကလည်း ငွေဆောင်နဲ့ ချောင်းသာ တကြောမှာ ကင်းလှည့်နေကြောင်း၊ လေယာဉ်တွေလည်း မကြာခဏ ပျံဝဲ နေကြောင်း ရေးသားထားတာပါ။
ဒီအကြောင်းအရာထဲမှာ ချောင်းသာမှာ တိုက်ပွဲ ဖြစ်နေတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
အာရက္ခတပ်တော် (AA) ဘက်ကလည်း ဒီလိုထုတ်ပြန်ထားတာမျိုး မရှိပါဘူး။Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။