ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဆာဆာတွေ့ဆုံတယ်ဆိုတဲ့ သတင်းအမှား
ဒေါ်အောင်ဆန်းစုကြည်အတွက် ဝမ်းသာကြောင်းနဲ့ ဒေါက်တာဆာဆာနဲ့ တွေ့ရပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို Toe Khine Channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေက ထပ်မံပြီး ကူးယူဖြန့်ဝေနေတာပါ။
ဖြန့်ဝေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဆာဆာပုံကို ကာဗာပုံအဖြစ်ဖန်တီးထားပြီး ကြာချိန် ၁၅ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင် တစ်ခုနဲ့ အတူ ‘အမေစုအတွက် ဝမ်းသာတယ်ဗျာ။ ဒေါက်တာဆာဆာနဲ့ တွေ့ရပြီ (မျိုးထိုက်တန်သိန်း)’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ စစ်ကောင်စီ တော်လှန်ရေးနဲ့ ပက်သက်ပြီး ဖေစ့်ဘွတ်မှာ live လွှင့် ပြောလေ့ရှိတဲ့ ဦးမျိုးထိုက်တန်သိန်း ရဲ့ ဗွီဒီယိုကို ပြန်လည်ကူးယူ ဖြန့်ဝေထားတာဖြစ်ပြီး ဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဆာဆာ တွေ့ရပြီးဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၁၉ မှုအတွက် ထောင်ဒဏ်တွေ မတရားချမှတ်ခံရပြီး နေပြည်တော်အချုပ်ထောင်ထဲမှာ ဖမ်းဆီး ချုပ်နှောင် ခံထားရဆဲဖြစ်ပြီး ရန်ကုန်နေအိမ်ကို ပြန်ရောက်ခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီကြောင်း၊ ရန်ကုန်နေအိမ်ကို ပြန်ရောက်ပြီဖြစ်ကြောင်း မကြာခဏ ဖြန့်ဝေလေ့ရှိကြပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။