NUG သမ္မတကို တရုတ်က ချီးကျူးတယ်ဆိုတဲ့ သတင်းအမှား
NUG သမ္မတကို တရုတ်က ချီးကျူးခဲ့တဲ့အတွက် မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးပြတ်တောက်တယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Mandalay khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'NUG သမ္မတကို တရုတ်က ချီးကျူး။ မင်းအောင်လှိုင်က အကြမ်းဖက်အားပေးဟု တရုတ်ကို တုန့်ပြန်။ နှစ်နိုင်ငံ ဆက်ဆံရေးပြတ်တောက်ပြီး ပြဿနာတက်' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
NUG သမ္မတကို တရုတ်က ချီးကျူးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media သတင်းဌာနမှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ဖော်ပြထားတဲ့ 'အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ်မျဉ်းပေါ် အားပြုရပ်တည်နေရသဖြင့် တိုင်းရင်းသားတော်လှန်ရေးတပ်များအပေါ် အမြင် မတိမ်း စောင်းရန် NUG ယာယီသမ္မတ သတိပေး' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့တွေဟာ အိမ်နီးချင်းနိုင်ငံ တွေရဲ့ နယ်စပ်မျဉ်းပေါ်မှာ အားပြု ရပ်တည်နေတာ ဖြစ်တဲ့အတွက် တိုင်းရင်းသား တော်လှန်ရေးတပ်တွေ အပေါ် အမြင် မတိမ်းစောင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု - (CDM လှုပ်ရှားမှု) ၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနားမှာ ပြောကြားခဲ့တဲ့ အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ NUG သမ္မတကို တရုတ်က ချီးကျူးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။