စစ်ခေါင်းဆောင်ကို ဖယ်ရှားဖို့ တရုတ်ပြောတယ်ဆိုတဲ့ သတင်းအမှား
မန္တလေး မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားဖို့ နီးကပ်လာပြီဖြစ်ရာ မန္တလေးမြို့ ကျသွားပါက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖယ်ရှားဖို့ တရုတ် ပြောတယ်ဆိုပြီး ရေးသားပြောဆိုနေပါတယ်။
ဒီအကြောင်းအရာကို Khit Thit Broadcasting ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၁၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မင်းအောင်လှိုင် တရုတ်နဲ့ ပြဿနာအကြီးအကျယ်တက်ပြီ။ မန္တလေး မြို့သိမ်းတိုက်ပွဲ ဖြစ်ပေါ်လာဖို့ နီးကပ်လာပြီး မန္တလေး ကျတာနဲ့ မင်းအောင်လှိုင်ကို ဖယ်ရှားဖို့ ပြောလိုက်ပြီ' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ခေါင်းဆောင်ကို ဖယ်ရှားဖို့ တရုတ်ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Min Nanda Yazar ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ နိုဝင်ဘာ ၁၉ ရက်နေ့က ဖြန့်ဝေထားတဲ့ တရုတ်အရေးနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ အကြောင်းအရာကို ပြင်ဆင်ဖြတ်တောက်ပြီး
နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ကို ဖယ်ရှားဖို့ တရုတ်ပြောတယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာမျိုးလည်း မရှိပါဘူး။
Min Nanda Yazar ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ တင်ထားတဲ့ မူရင်းပိုစ့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။