ခွပ်ဒေါင်းအလံ အသုံးပြုနေသူတွေ နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းမယ်ဆိုတဲ့ သတင်းအတု
စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင် ဆန္ဒပြသူတွေက ဒေါင်းအလံကို အသုံးပြုခဲ့ပါက နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းမယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ကို လူမှုကွန်ရက်မှာဖြန့်ဝေနေသူတွေရှိပါတယ်။
အဆိုပါ သတင်းအမှားကို ရဲရင့်သူ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး အဲ့ဒီသတင်းအမှားထဲမှာ "ဒီနေ့ဟာ ဒေါင်းအလံအသုံးပြုခြင်းက နောက်ဆုံးနေ့ပါပဲ နောက်နေ့ကစ အသုံးပြုတာနဲ့ နိုင်ငံတော်ပုန်ကန်မှုနဲ့အရေးယူပါတော့မယ်" လို့ ရေးသားထားပါတယ်။
အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၅၀၀ နီးပါးရှိနေပြီး Comment ရေးသားသူ ၁၀၀ ကျော်ရှိကာ ထပ်ဆင့်ဝေမျှထားသူ ၅၀၀ ကျော် ရှနေပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။
သတင်းဆန်းစစ်ချက်
ရဲရင့်သူ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ ဒေါင်းအလံ အသုံးပြုသူတွေကို နိုင်ငံတော်ပုန်ကန်မှုနဲ့ အရေးယူမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်အာဏာသိမ်းချင်းကို ဆန့်ကျင်ဆန္ဒပြနေသူတွေ အရှိန်လျော့သွားဖို့ ရေးသားဖြန့်ဝေတဲ့ ဝါဒဖြန့် သတင်းအမှား သက်သက်သာ ဖြစ်ပါတယ်။
သမဂ္ဂကျောင်းသားတွေ ခွပ်ဒေါင်းအလံကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ၁၉၃၆ ခုနှစ် ကတည်းက စတင်အသုံးပြုခဲ့တာဖြစ်ပြီး လက်ရှိ သမဂ္ဂကျောင်းသားတွေလည်း အသုံးပြုနေဆဲ ဖြစ်ပါတယ်။ NLD ပါတီအသုံးပြုတဲ့ ခွပ်ဒေါင်းအလံကို ၁၉၈၈ ခုနှစ်က စပြီး အခုအချိန်ထိ သုံးစွဲနေဆဲ ဖြစ်ပါတယ်။ ခွပ်ဒေါင်းအလံတွေ အသုံးပြုခြင်းကို နိုင်ငံတော် ပုန်ကန်မှုလို့ လုံးဝ သတ်မှတ်လို့ မရပါဘူး။ သတင်းအမှားဖြန့်သူဟာ မြန်မာနိုင်ငံတစ်ဝှမ်း ဆန္ဒပြသူတွေ ခွပ်ဒေါင်း အလံအသုံးပြုခြင်းကို လျော့ပါးအောင် ဝါဒဖြန့် ရေးသားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်သူရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ တပ်မတော်ကို အာဏာသိမ်းချင်းကို ထောက်ခံရေးသားနေတာကို တွေ့ရပြီး NLD ပါတီကို တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေတင်နေတာကို တွေ့ရပါတယ်။