AA က စစ်တွေမြို့သိမ်းလိုက်ပြီဆိုတဲ့ သတင်းအမှား
အာရက္ခတပ်တော် (AA) က စစ်တွေမြို့အပါအဝင် မြို့တွေသိမ်းလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၁၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'AA စစ်တွေအပါအဝင် မြို့အကုန်သိမ်းပြီ။ အလံဖြူထောင်ကုန်ပြီ။ စစ်ကောင်စီတပ်သား ၁၀၀၀ လက်နက်ချ' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အာရက္ခတပ်တော် (AA) က စစ်တွေမြို့ သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့က ဖော်ပြထားတဲ့ 'အွန်လိုင်းမှ အစားအသောက်၊ အလှကုန်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် လူသုံးကုန်များရောင်းချမှုများကို တရားမဝင် ကုန်သွယ်မှု အဖြစ် သတ်မှတ်ပြီး ဖမ်းဆီးရန် စစ်ကောင်စီက ညွှန်ကြား' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာထဲမှာ အာရက္ခတပ်တော် (AA) က စစ်တွေမြို့ သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
အာရက္ခတပ်တော် (AA) ဘက်ကလည်း ဒီလိုထုတ်ပြန်ထားတာမျိုး မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။