ဧရာဝတီတိုင်းထဲက ကမ်းခြေသုံးခုကို AA နဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်လိုက်တယ်ဆိုတဲ့ သတင်းအမှား
အာရက္ခတပ်တော် AA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဧရာဝတီတိုင်းထဲက ကမ်းခြေသုံးခုကို ထိန်းချုပ်လိုက်ပြီး စစ်ဆင်ရေးဖော်ဆောင်နေတဲ့ စစ်တိုင်းကြီးသုံးတိုင်းမှာ လာမည့်ခြောက်လအတွင်း အလုံးစုံလွတ်မြောက်တော့မယ်လို့ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို Khit Thit Broadcasting ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၁၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဧရာဝတီတိုင်းထဲက ကမ်းခြေသုံးခုကို AA နဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ပြီ။ စစ်ဆင်ရေး တပြိုင်ထဲ ပုံဖော်နေတဲ့ စစ်တိုင်းကြီးသုံးတိုင်း လာမည့်ခြောက်လအတွင်း အလုံးစုံလွတ်မြောက်မယ်လို့ ပြည်ပသတင်းတွေမှာ ဖော်ပြနေပြီ' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဧရာဝတီတိုင်းထဲက ကမ်းခြေသုံးခုကို AA နဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ စစ်ရေးသတင်းတွေကို ကူးယူပြီး နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာထဲမှာ ဧရာဝတီတိုင်းထဲက ကမ်းခြေသုံးခုကို AA နဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
အာရက္ခတပ်တော် (AA) ဘက်ကလည်း ဒီလိုထုတ်ပြန်ထားတာမျိုး မရှိပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။