စစ်သင်္ဘော ၁၀ စီး မီးရှို့ခံရတယ်ဆိုတဲ့ သတင်းအမှား
သောင်တင်နေတဲ့ စစ်သင်္ဘော ၁၀ စီးကို မီးရှို့ဖျက်စီးလိုက်နိုင်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Trend Videos 1.0 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘သောင်တင်နေတဲ့ စစ်သင်္ဘော (၁၀) စီး မီးရှို့လိုက်ပြီ။ စစ်ခွေး (၂၀၃) ဦး သေဆုံး။ အထိနာပြီဗျို့’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ‘သောင်တင်နေတဲ့ စစ်သင်္ဘော (၁၀) စီး မီးရှို့ပြီး စစ်ခွေး (၂၀၃) ဦး သေဆုံ’ ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
ဗီဒီယိုထဲမှာတော့ Khit Thit Media မှာ အောက်တိုဘာ ၂၄ ရက်နေ့က ဖော်ပြခဲ့တဲ့ ‘မော်လိုက်တွင် စစ်အုပ်စု၏ ဖလပ်သင်္ဘော ၁ စီး သောင်တင်နေမှုကို ပြန်လည်ဆယ်ယူရန် ကြိုးစားစဉ် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ PDF ၏ ပစ်ခတ်မှုကြောင့် အခြား ဖလပ်သင်္ဘော ၁ စီး မီးလောင်ပျက်စီး’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
Khit Thit Media က ဖော်ပြထားတဲ့ သတင်းထဲမှာ သောင်တင်နေတဲ့ ဖလပ်သင်္ဘော ၁ စီး မီးလောင်ပျက်စီးခဲ့ပြီး စစ်တပ်ဘက်မှ ၂၃ ဦးထက် မနည်း သေဆုံးတယ်လို့ ရေးသားဖော်ပြထားပါတယ်။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
လတ်တလောမှာ ချင်းတွင်းမြစ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်သင်္ဘောတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက မကြာခန ကြားဖြတ်တိုက်ခိုက်နေတာတွေ ရှိပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။