ရန်ကုန်ဝန်ကြီးချုပ် အသတ်ခံရတယ်ဆိုတဲ့ သတင်းအမှား
စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် အသတ်ခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit thit Channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၅ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရန်ကုန်တစ်မြို့လုံး ပွဲဆူကုန်ပြီ။ ရန်ကုန်ဝန်ကြီးချုပ် အသတ်ခံလိုက်ရပြီ။ စစ်ဗိုလ်ကြီးတွေ ကြောက်လန်းကုန်ပြီ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်ဝန်ကြီးချုပ် အသတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ စက်တင်ဘာလ ၂၃ ရက်နေ့က ဖြန့်ဝေထားတဲ့ 'တောင်သာမြို့နယ်၊ ငွေသောင်ရွာ၊ ရွာသာယာရွာ၊ ရတနာပုံရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာရှိတဲ့ ငွေသောင်ရွာ၊ ရွာသာယာရွာ၊ ရတနာပုံရွာတွေကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကျဲပြီး စက်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူတွေ ထိခိုက်မှုရှိပြီး နေအိမ်အဆောက်အအုံတွေလည်း ပျက်စီးဆုံးရှုံးခဲ့တဲ့အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် အသတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။